ရန်ကုန်၊ ဇွန် ၂၁
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် လှည့်ကင်းက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူရိုက်နှက်မှု ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း Yesagyo Township Info Committee ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ပြောဆိုချက်အရ သိရသည်။
ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့မှ မူးရူးသောက်စားပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောမကြားကျေးရွာအနီး ရောက်ရှိတွင် လယ်တောထဲ၌ နွားကျောင်းနေသော အသက် ၁၃ နှစ် အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူပြီး အကြောင်းမဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။
စစ်တပ်က ခေါ်ယူရိုက်နှက်ခဲ့သော ကလေးငယ်များသည် ရေစကြိုမြို့ အထက ကျောင်းတွင် G-7နှင့် G-8 တက်ရောက်နေသော ကလေးငယ်များဖြစ်ပြီး ကျောင်းပိတ်ရက်တွင် မိဘ အလုပ်အကိုင်များကို ဝိုင်းကူလုပ်ပေးရန် နွားကျောင်းထွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်သားများက ကလေးငယ်များကို မြေပြင်တွင် မှောက်ခိုင်းပြီး ဦးခေါင်းကို ခြေဖြင့် ဖိနင်းခြင်းများပါ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ နှိပ်စက်နေသည်ကို ကလေးငယ်များ၏ ဦးလေးဖြစ်သူက တွေ့မြင်သွားပြီး စစ်သားများကို ဒူးထောက် ရှိခိုး တောင်းပန်းသော်လည်း အချိန်အတော်ကြာ ပြန်လွှတ်ပေးခြင်းမရှိဘဲ ၎င်းတို့စိတ်ကြိုက် နှိပ်စက်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ နှိပ်စက်နေတာကို ကလေးငယ်တွေနဲ့ ဦးလေးဖြစ်သူတွေ့သွားလို့ ရောက်လာပြီး တောင်းပန်ပါတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေပါ။ မနှိပ်စက်ပါနဲ့လို့ ဒူးထောက် ရှိခိုးပြီး တောင်းပန်တာကို စစ်ခွေးတွေက ဘာကျောင်းသားလည်း သတင်းထောက်နေတဲ့ကလေးတွေ ချကွာဆိုပြီး သူတို့ စိတ်ကြိုက် ရိုက်နှက် နှိပ်စက်ပြီးမှာ ကလေးတွေကို တော်တော်ကြာမှ လွှတ်ပေးလိုက်တယ်လို့သိရတယ်။ အခုကလေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်ပြီး ပြင်းထန် ဒဏ်ရာရနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရေစကြိုမြို့တွင် တာဝန်ကျနေသော စစ်သားများသည် နေ့စဉ် မူးရူးသောက်စားပြီး လမ်းသွား လမ်းလာ ပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ ပိုက်ဆံများတောင်းယူခြင်း၊ ဈေးဝယ်လာသော ပစ္စည်းများကို ယူဆောင်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း Yesagyo Township Info Committee က ပြောဆိုထားသည်။
ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




