ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ခုမှ ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ကျေးရွာ ၁၀ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာကို စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စည်ပင်ရွာ၊ ကံသာရွာ၊ ချောင်းကွေ့ရွာ၊ တွင်းကြီးရွာ၊ ကုန်းရွာ၊ လက်ပန်ရွာနှင့် တောချောင်းဦးကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကြောင်းသည် မြင်းမူမြို့နယ်ရှိ တောချောင်းဦးကျေးရွာနှင့် လက်ပန်ကျေးရွာမှ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို ကား ၁၂ စီးဖြင့် ခိုးယူလုယက်သွားကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကံသာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် အသက် ၄၅ နှစ်အရွယ် ကိုထွန်း ဆိုသူကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က ရုပ်အလောင်းကိုပါ ဖျောက်ဖျက်သွားခဲ့၍ လက်ရှိအချိန်အထိ ရုပ်အလောင်းကို ရှာမတွေ့သေးကြောင်း သိရသည်။
“ဇွန် ၁၉ ရက်နေ့က မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာကို စစ်ကြောင်းထိုးပြီး စည်ပင်ရွာ၊ ကံသာရွာ၊ ချောင်းကွေ့ရွာ၊ တွင်းကြီးရွာ၊ ကုန်းရွာရွာ၊ လက်ပန်ရွာနဲ့ တောချောင်းဦးရွာတွေ စစ်ကြောင်းထိုးပါတယ်။ ဒီနေ့ ဇွန် ၂၁ ရက်နေ့မှာ တောချောင်းဦးကျေးရွာ နဲ့ လက်ပန်ကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ကား ၁၂ စီးနဲ့ ခိုးယူသွားတယ်။ ခွေးအင်အား ၂၀၀ လောက်ပါတယ်။ မီးရှို့တာတော့မရှိဘူး။ စစ်ခွေးတွေက ကံသာကျေးရွာသား အမျိုးသား ၁ ဦး နာမည်က ကိုထွန်း အသက်က ၄၅ နှစ့်ခန့်ကို ကံသာကျေးရွာမှာပဲ အသတ်ပြီး အလောင်းဖျောက်သွားတယ်။ ရှာမတွေ့သေဘူး သွေးကွက်တွေဘဲတွေ့ပါသေတယ်။ ဘာကြောင့် သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာ ခွေးခြံထဲမှာ အင်အား ၁၅၀ လောက်နဲ့ မုံရွာ နမခ ခွေးခြံကို ကားနှစ်စီး အင်အား ၅၀ လောက်ပြန်သွားပါတယ်။ လက်ရှိမှာ စစ်ခွေးတွေ စစ်ကြောင်းထိုးသွားတဲ့ ရွာ ၁၀ ရွာက ပြည်သူ ၇၀၀၀ ခန့်လောက်က စစ်ဘေရှောင်ရပါတယ်” ဟု မြောင်မြို့နယ် T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းမှ အင်အား ၁၅၀ ခန့်သည် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအတွင်းကို ဝင်ရောက်သွားပြီး ကျန်ရှိနေသော အင်အား ၅၀ ခန့်သည့် ကား ၂ စီးဖြင့် ခိုးယူထားသော ပြည်သူပိုင်ပစ္စည်းများကို သယ်ဆောင်ကာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြင်းမူမြို့နယ် စည်ပင်ကျေးရွာ၊ ကံသာကျေးရွာ၊ ချောင်းကွေ့ကျေးရွာ၊ တွင်းကြီးကျေးရွာ၊ ကုန်းကျေးရွာ၊ လက်ပန်ကျေးရွာနှင့် တောချောင်းဦးကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ခန့်မှ ပြည်သူ ၇၀၀၀ ခန်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)




