ရန်ကုန်၊ ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားပြုလုပ်ကာ ဓားပြတိုက်မှု ကျူးလွန်ခဲ့သည့်အဖွဲ့မှ အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။
ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုနှင့်ပတ်သက်၍ ၁၀၀၃ တပ်ရင်းက စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် အသက်မပြည့်သေးသည့် လူငယ်များဖြစ်ကြပြီး အွန်လိုင်းလောင်း ကစား (စလော့ဂိမ်း) ကစားသူများနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဓားပြအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိထားပြီး ခေါင်းဆောင်ဖြစ်သူနှင့် အခြားအဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။
၎င်းတို့သည် လောင်းကစားနှင့် မူးယစ်ဆေးဝါးကြောင့် ငွေကြေးလိုအပ်ချက်အရ သေနတ်အတုများ၊ ဓားများကို အသုံးပြုကာ ဒေသခံပြည်သူများကို အနိုင်ကျင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ဓားပြတိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကြား၊ တပ်ဖွဲ့အချင်းချင်းကြား ယုံ ကြည် မှုပျက် ပြားစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၀၃ တပ်ရင်းမှူးက ခိုင်းစေသယောင် သတင်းအမှားများ လုပ်ကြံဖြန့်ဝေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
၁၀၀၃ တပ်ရင်းအနေဖြင့် ဓနုဒေသအတွင်း ထပ်မံ၍ ယခုကဲ့သို့ ဖြစ်စဉ်များမရှိစေရန် စလော့ဂိမ်းကစားသူများနှင့် မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်သူများကို ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် မိမိတို့၏ အသက်မပြည့်သေးသော သားသမီးများကို လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ဂရုတစိုက် ကြပ်မတ်စောင့်ကြည့်ပေးကြရန်နှင့် ပတ်ဝန်းကျင်တွင် တွေ့ရှိပါကလည်း ၁၀၀၃ တပ်ရင်းသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
တပ်ရင်းအတွင်းရှိ ရဲဘော်များကိုယ်တိုင်လည်း မူးယစ်ဆေးသုံးစွဲခြင်းနှင့် စလော့ဂိမ်းကစားခြင်းများ တွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာ အသိပေးထားသည်။
အခြားတစ်ဖက်တွင်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဒိုးဒိုကျေးရွာတွင် ဝင်ရောက်ကျူးကျော် တပ်ချထားသည့် အာဏာသိမ်းစစ်တပ်၏ ခမရ ၄၃၉ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ က ဝင်ရောက်တိုက် ခိုက် ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဇွန်လ ၂၀ ရက် ည ၁၀ နာရီ ၅၅ မိနစ်အချိန် KNLA တပ်ရင်း ၈ မှ ရဲဘော်များက အဆိုပါစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။
စစ်တပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် MA-1 အမျိုးအစား သေနတ် – ၂ လက်၊ MA-3 အမျိုးအစား သေနတ် – ၁ လက်၊ ကျည်ဆံအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်ဟု သိရှိရသည်။





