ရန်ကုန်၊ ဇွန် ၂၄
မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် အဓမ္မ စစ်မှုထမ်းခိုင်းစေမှုများကြောင့် ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာသွားနေကြာင်း ကုလသမဂ္ဂ ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် အဓမ္မစစ်မှုထမ်းခိုင်းစေမှုများ ဆက်လက်ဖြစ်ပွားနေသည့်အခြေ အနေများကြောင့် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်နည်းလမ်းများဖြင့် ထွက်ခွာမှုများ သိသိသာသာ မြင့်တက်လာနေကြောင်း ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လ တာကာလအတွင်း ထိုင်းနိုင်ငံသို့ ကုန်းလမ်းနယ်စပ်များမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန် မာနိုင်ငံသားအရေအတွက်မှာ ၆ သိန်းကျော် (၆၈၇,၀၀၀ ခန့်) ရှိခဲ့ကြောင်း IOM ၏အစီရင်ခံစာတွင် ဖော် ပြထားသည်။
ယင်းသို့ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများအနက် အချို့မှာ ရေရှည်နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်သူများရှိသကဲ့သို့ အများစုမှာ တရားဝင်စာရွက်စာတမ်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာရသည့် အကြောင်းရင်းများတွင် အလုပ်အကိုင်ရှာဖွေရန်၊ ကုန်သွယ်ရေးလုပ်ငန်းများအတွက်နှင့် မိသားစုနှင့် မိတ်ဆွေများထံ လာရောက်လည်ပတ်ရန်တို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ထွက်ခွာလာရခြင်းများလည်း ပါဝင်ကြောင်း IOM က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသားအချို့က ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုပြီး မလေးရှားနိုင်ငံသို့ ဆက်လက်ခိုးဝင်ရန် ကြိုးပမ်းမှုများလည်း ရှိနေကြောင်း၊ ၂၀၂၆ ခုနှစ်အစောပိုင်းကာလအတွင်း ထိုင်း–မလေးရှားနယ်စပ်တစ်လျှောက် လူမှောင်ခိုကူးမှုဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားအရေအတွက်မှာ အများဆုံးဖြစ်နေကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း အန္တရာယ်များသော ပင်လယ်ပြင်ခရီးစဉ်များကို အသုံးပြု၍ ထွက်ခွာမှုများ ဆက် လက်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ စက်လှေများဖြင့် မလေးရှားသို့ ဦးတည်ထွက်ခွာသူများအနက် အများအပြားမှာ လမ်းခရီးအတွင်း သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းနှင့် ပြန်လည်တားဆီးခံရခြင်းများ ကြုံတွေ့နေရကြောင်း IOM က သတိပေးထားသည်။
IOM ၏ မှတ်တမ်းများအရ ယင်းရေလမ်းကြောင်းပေါ်တွင် သေဆုံးနှင့် ပျောက်ဆုံးမှုအရေအတွက်သည် နှစ်စဉ်တိုးလာနေပြီး ၂၀၂၆ ခုနှစ်အတွင်းလည်း အခြေအနေဆိုးရွားနေဆဲဖြစ်ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
ဒုက္ခသည်စခန်းများအတွင်း လူသားချင်းစာနာမှုအထောက်အပံ့များ လျော့နည်းလာခြင်းနှင့် လုံခြုံရေးအခြေအနေဆိုးရွားလာခြင်းတို့ကြောင့် လူများသည် အန္တရာယ်ကြီးမားသည့် ခရီးစဉ်များကို ရွေးချယ်လာရခြင်းဖြစ်ကြောင်း IOM က သုံးသပ်ထားသည်။




