27.3 C
Yangon

မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် အမျိုးသမီး ၁၀ ဦးတွင် ၄ ဦးမှာ ဝင်ငွေလုံးဝမရှိဟု ကုလသမဂ္ဂ ပြော

Must read

ရန်ကုန်၊ ဇွန် ၂၄

မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် မညီမျှမှုများ ပိုမိုနက်ရှိုင်းလာပြီး အမျိုး သမီး ၁၀ ဦးတွင် ၄ ဦးမှာ ဝင်ငွေလုံးဝမရှိကြောင်း ကုလသမဂ္ဂ UNDP နှင့် UN Women တို့က ယမန်နေ့ ပူးတွဲ ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများသည် အိမ်ထောင်စုတာဝန်များကို ပိုမိုထမ်းဆောင်လာရပြီး အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးတွင် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် UN Women တို့၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။

“မြန်မာ့စီးပွားရေး အကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရှိ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့်မှာ ဝင်ငွေလုံးဝမရှိကြဘဲ အမျိုးသားများတွင်မူ ၂၃ ရာခိုင်နှုန်းသာ ဝင်ငွေမရှိကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးများ၏ ဝင်ငွေမဲ့နှုန်းမှာ အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုမြင့်မားနေသည်ဟု သိရှိရသည်။

အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများသည်လည်း အမျိုးသားများရရှိသော ဝင်ငွေ၏ ၇၉ ရာခိုင် နှုန်းကိုသာ ရရှိကြပြီး၊ အခကြေးငွေမရရှိသော အိမ်ထောင်စုပြုစုစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးကို အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုထမ်းဆောင်နေကြကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ထောက်ပြသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒေသများရှိ အလုပ်အကိုင်ကွာဟချက်ပဋိပက္ခပြင်းထန်သော ဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၆၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး အမျိုးသားများတွင် ၈၂ ရာခိုင်နှုန်းရှိရာ ကျား/မ ကွာဟချက် ၂၀ ရာခိုင်နှုန်းအထိ ရှိလာသည်။

သို့သော် ပဋိပက္ခနည်းပါး သို့မဟုတ် မရှိသောဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုမှာ အမျိုးသားများနှင့် အလားတူ သို့မဟုတ် အနည်းငယ် ပိုမိုမြင့်မားနေသဖြင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် သွားလာမှုကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုရပ်တန့်မှုများသည် ကျား/မ အလုပ်အကိုင်ကွာဟချက်ကို ဖြစ်စေသည့် အဓိကအချက်များဖြစ်ကြောင်း ညွှန်ပြနေသည်။

UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က -“မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပြင်းထန်ဆုံးဒေသတွေမှာ အမျိုးသားနှင့် အမျိုးသမီးများကြား လူမှုစီးပွားရေးနှင့် ခေါင်း ဆောင်မှုကွာဟချက်တွေဟာ သိသိသာသာ ကျယ်ပြန့်လာပြီး အမျိုးသမီးတွေဟာ ဝင်ငွေရရှိနိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့်တို့ကိုရရှိနိုင်ရန် အလှမ်းဝေးလျက်ရှိပါတယ်” ဟု ပြောဆိုသည်။

ကုလသမဂ္ဂအစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များဝင်ငွေနည်းပါးမှုဖြစ်ပြီး အလုပ်လုပ်နေသော အမျိုး သမီးများ၏ လစဉ်ပျမ်းမျှဝင်ငွေသည် အခြေခံအိမ်ထောင်စုလိုအပ်ချက်အတွက် အနိမ့်ဆုံးကုန်ကျ စရိတ်၏ ထက်ဝက်အောက်သာ ရှိကြောင်း၊ အိမ်ထောင်စုတစ်စု အသက်ဆက်နိုင်ရန်အတွက် ပျမ်းမျှဝင်ငွေရှာဖွေသူ ၂ ဒသမ ၄ ဦး လိုအပ်နေကြောင်း သိရှိရသည်။

လုပ်သားအင်အားစုပြင်ပရှိ အမျိုးသမီး ၁၀ ဦးတွင် ၈ ဦးနီးပါးသည် အိမ်ထောင်စုပြုစုစောင့်ရှောက်မှု တာဝန်များကြောင့် အလုပ်မလုပ်နိုင်ကြောင်း၊ ကယားပြည်နယ်တွင် အမျိုးသမီး ၃၈ ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်နိုင်ပြီး အမျိုးသားများ၏ အလုပ်လုပ်နိုင်မှုမှာ ၆၇ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ပြင် ကယားပြည်နယ်ရှိ အမျိုးသမီးများအကြား စားနပ်ရိက္ခာဖူလုံမှုမှာ ၁၂ ရာခိုင်နှုန်းသာရှိပြီး အမျိုးသားများတွင် ၁၈ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

UN Women အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Christine Arab က -“ပဋိပက္ခကြောင့် မိသားစုများနှင့် ရပ်ရွာများ ကွဲကွာလာတဲ့အခါ အမျိုးသမီးများဟာ မိသားစုများကို ဘေးကင်းလုံခြုံစေရန်၊ အတူတကွရှိနေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် တာဝန်ယူရတဲ့ အခြေအနေကို ရောက်ရှိသွားကြရပါတယ်။ . ထိုဝန်ထုပ်ဝန်ပိုးကို လျစ်လျူရှုတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ မညီမျှမှုများကိုသာ ပိုမိုအားကောင်းလာစေပါလိမ့်မယ်” ဟု ထောက်ပြထားပါသည်။

UNDP နှင့် UN Women ၏ အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ အသက် ၁၅ နှစ်နှင့်အထက်ရှိသူ လူပေါင်း ၅,၄၀၅ ဦးကို ပူးတွဲကောက်ယူခဲ့သော ကျား/မရေးရာ စစ်တမ်းအပေါ် အခြေခံထားသည့် တစ်နိုင်ငံလုံးကိုယ်စားပြု အစီရင်ခံစာတစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း နေပြည်တော်တွင် ရေကြီး၍ ဘေးလွတ်ရာ ပြေးနေရသော အမျိုးသမီးများ။ Photo- AFP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article