ရန်ကုန်၊ ဇွန် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၈ နှစ်ခွဲဖြင့် အပြီးလုပ်ဆောင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်လည်း သဘောတူညီချက် ရရှိထားကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ဖွင့်လှစ်ပြေးဆွဲနိုင်ရေး သွားရောက်စစ်ဆေးသည့်နေရာသို့ လာရောက်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား အလွန်ဆင်းရဲပြီး ဖုန်းအားသွင်းရန် ဒုက္ခရောက်နေသော နိုင်ငံသည် တိုးတက်မည်မဟုတ်ကြောင်း၊ မြစ်ဆုံစီမံကိန်းကို နောက်ဆုံးပေါ်နည်းပညာများဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ငလျင်ဒဏ် မဂ္ဂနီကျု (Magnitude) ၈ အဆင့်ထိ ခံနိုင်ကြောင်း၊ မြစ်ကြီးနားအထက်ပိုင်း ပူတာအိုမြို့နယ်တွင် မိုးရွာသွန်းမှုများပြားပါက ရေများကို ကြိုတင်လွှတ်ပေးမည်ဖြစ်ပြီး မြစ်ဆ်ုံရေကာတာကိုလည်း ဂြိုဟ်တုမှတစ်ဆင့် ၂၄ နာရီစောင့်ကြည့်ထားသောကြောင့် မည်သည့်ငလျင်ကိုမှ ကြောက်စရာ၊ စိုးရိမ်စရာမရှိကြောင်း ခက်ထိန်နန်က ဆိုသည်။
ခက်ထိန်နန်က “ဖုန်းအားသွင်းဖို့တောင် ဒုက္ခရောက်တဲ့ နိုင်ငံက ဘယ်လိုလုပ်တိုးတက်မှာလဲ။ မြစ်ဆုံ လုပ်တော့မယ် မြစ်ဆုံလုပ်ရင် သဘာဝဘေးကြောင့် ငလျင်ကြောင့် ပြိုဖို့အတွက် လုံးဝ စိုးရိမ်စရာမလိုတော့ဘူး။ အခုက ကမ္ဘာမှာနောက်ဆုံးပေါ် နည်းနဲ့ လုပ်မယ်။ ငလျင်ဒဏ်ကလည်း ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀၀ လောက်ရှိပြီ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်အထိ ၄ မဂ္ဂနီကျုနဲ့ ၆ မဂ္ဂနီကျု ဒါပဲ လှုပ်ဖူးတယ်။ အခုက ၈ မဂ္ဂနီကျုနဲ့ ခံနိုင်ရည်ရှိတာ လုပ်မယ်။ ဘာမှ ငလျင်လည်း စိုးရိမ်စရာမလိုတော့ဘူး။ နောက်ရေကြီးရေလျှံ သဘာဝဘေးလည်း စိုးရိမ်စရာမလိုဘူး။ ပူတာအိုမှာ မိုးအကြီးအကျယ်ရွာပြီဆိုရင် မြစ်ဆုံမှာ လှောင်ထားတဲ့ ရေတွေ အဲဒါကိုကြိုပြီးတော့ လွှတ်လိုက်မှာ ပူတာအိုမှာ ဘယ်လောက်ရွာရင် ရေဒီမှာ ဘယ်လောက်ရောက်မယ်။ အကုန်လုံး အတိအကျ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကဟာကို ရေကြီးရေလျှံ အကုန်လုံး တွက်ပြီးသား ဟိုမှာ ရွာပြီဆိုရင် ဒီမှာ ဘယ်လောက်ရေရောက်လာမလဲ ဘယ်နှနာရီကြာရင် ရောက်လာမလဲ ဒီမှာရှိတဲ့ရေ ကြိုပြီးဖွင့်ထားပေးလိုက် ဟိုမှာ ရောက်လာရင် အေးဆေးပဲ အဲဒါ ရိုးရိုးယဉ်ယဉ်လေး ပြောပြတာ ဘာမှ စိုးရိမ်စရာမလိုဘူး။ အခုက နောက်ဆုံးပေါ်နည်းတွေနဲ့ ပြီးရင် ဒီဆည်ကို ဂြိုဟ်တုနဲ့ ၂၄ နာရီကြည့်နေမှာ ဘယ်နားမှာ နည်းနည်းအက်လဲ ဘယ်နားမှာ ရေနည်းနည်းပိုလဲ တစ်ခါတည်းကြည့်ပြီး လုပ်ပြီးသား” ဟု ပြောဆိုသည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့စဉ်က မြစ်ဆုံစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်ကို ခက်ထိန်နန်က နောင်တရမိကာ ထိုသို့ ဆန္ဒမပြခဲ့ပါက ယခုအချိန်တွင် မီးထိန်ထိန်လင်းနေပြီဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် မင်းအောင်လှိုင်နှင့်အတူ လိုက်ပါသွားခဲ့ရပြီး မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။
“တရုတ်သမ္မတပြည်သူ့နိုင်ငံကို သမ္မတကြီးသွားတော့ ကျွန်တော်လည်း ကချင်ပြည်နယ် အားလုံး မျက်နှာ ကြောင့် လိုက်ပါခွင့်ရခဲ့တယ်။ ကျွန်တော်က ကမ္ဘာမှာ နံပါတ် ၂ ခေါင်းဆောင်ကို ကချင် ပြည်နယ် အားလုံးကိုယ်စား ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ရတာ။ လက်ကလေ မိန်းကလေးတွေထက် ပိုနုတယ်။ ၂ နိုင်ငံ ချစ်ကြည်ရေး သူက ကမ္ဘာမှာ ထိပ်ဆုံးက တိုးတက်နေတာ ကျွန်တော်တို့က လက်တွဲလုပ်သွားရင် ကျွန်တော်တို့ နိုင်ငံမှာက အစိုးရ သစ်မှာက တည်ငြိမ်မှုတွေ ရထားလမ်းတွေ သယ်ယူပို့ဆောင်ရေးတွေ အနုမြူစွမ်းအားတွေ ဂြိုဟ်တုနဲ့ ပတ်သက်တာတွေ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ မွေးမြူရေးနဲ့ ပတ်သက်တာတွေ ရထားလမ်းတွေ အကုန်လုံးလေ ကျွန်တော်တို့ MOU လက်မှတ်ထိုးခဲ့တယ်။ မြစ်ဆုံစီမံကိန်းပြီးလို့ မီးထိန်ထိန်လင်းနေတဲ့ အချိန်မှာ ကျွန်တော် တုတ်ကောက်နဲ့ မသွားကြည့်ချင်ဘူး။ ဒီတိုင်းပဲသွားကြည့်ချင်သေးတယ်။ အမှန်တကယ်လုပ်ရင် ၁၀ နှစ်ကြာတယ်။ နဂိုကလည်း လုပ်ထားပြီးသားဆိုတော့ ၈ နှစ်ခွဲလောက်နဲ့ပြီးမယ်” ဟု ခက်ထိန်နန်က ရှင်းပြသည်။
အခြားတစ်ဖက်တွင်မူ ဧရာ၀တီမြစ်ဆုံစီမံကိန်းတွင် ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများစွာရှိနေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများပြားကြောင်း၊ အမြင့် ၁၃၉ ဒသမ ၅ မီတာနှင့် အကျယ် ၁,၃၁၀ မီတာရှိသော မြစ်ဆုံစီမံကိန်းသည် စင်ကာပူနိုင်ငံ အကျယ်အဝန်းခန့်ကို ရေလွှမ်းမိုးစေမည်ဖြစ်ပြီး ရေအရင်းမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ဂေဟစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း “Independent Expert Review of the Myitsone Dam EIA” က ၂၀၁၃ ခုနှစ်ကတည်းက ထုတ်ပြန်ထားသည်။
ယခင်ကပင် လူဦးရေ ၁၂,၀၀၀ ခန့် အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ ဘိုးစဉ်ဘောင်ဆက် မြေယာများ ဆုံးရှုံးခြင်းနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေသည့် ကာလအတွင်း ယခုကဲ့သို့ အကြီးစားစီမံကိန်းကို အတင်း အဓမ္မ ဖော်ဆောင်ပါက လက်ရှိပဋိပက္ခများကို ပိုမိုပြင်းထန်လာစေမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ပြင် ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့ကလည်း တရုတ်အစိုးရပိုင်ကုမ္ပဏီ (SPIC-YN) အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်မပြုဘဲ စီမံကိန်းပြန်လည်စတင်ရန် လှုံ့ဆော်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ကန့်ကွက်သူများအပေါ် ခြိမ်းခြေက်နေမှုနှင့် အတုအယောင် လူထုဆန္ဒခံယူပွဲများကို ရပ်တန့်ရန်၊ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် မည်သည့်အစိုးရလက်ထက်တွင်မဆို ပြည်သူလူထု၏ စစ်မှန်သော သဘောဆန္ဒမပါဘဲ ဖွံ့ဖြိုးရေးအမည်ခံ ရင်းနှီးမြှုပ်နှံမှုများကို အတင်းအဓမ္မ မလုပ်ဆောင်ရန် တောင်းဆိုထားကြသည်။
၂၀၁၁ ခုနှစ် သမ္မတ သိန်းစိန်အစိုးရလက်ထက် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို အကြမ်းဖက်မင်းအောင်လှိုင်က တရုတ်နှင့်ပူးပေါင်း၍ ပြန်လည် စတင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။




