ရန်ကုန်၊ ဇွန် ၂၄
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်၊ လီဝိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နန်းမယ်ခုံမြို့အနီးရှိ လီဝိုးကျေးရွာ မူကြိုစာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသော အသက် ၁၀ နှစ် ဝန်းကျင် အရွယ် မိန်းကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၆ နှစ်ဝန်းကျင် ကလေးငယ် ၁ ဦးလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုနေစဉ် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“ကလေး ၂ ဦး သေတယ်။ တစ်ဦးက ချက်ချင်းသေတယ်၊ နောက်တစ်ဦးကတော့ ဒဏ်ရာအပြင်း အထန်နဲ့ ဆေးကုသဖို့ချီသွားရင်း လမ်းမှာသေတယ်။ ရွာထဲကို ဒရုန်းတွေဝဲတော့ ဆရာမက ကလေး တွေကို အိမ်ပြန်ခွင့်ပေးလိုက်တာ၊ ရောက်ရောက်ချင်းပဲ လက်နက်ကြီးနဲ့ ထုတော့ ပြောင်းခြံထဲမှာ သွားပုန်းနေရင်းနဲ့ နှစ်ယောက်လုံးထိတယ်လို့တော့ သိရတယ်။ ထိတာက ဒရုန်းဗုံးလို့လည်းပြော တယ်၊ လက်နက်ကြီးနဲ့လည်းပြောတယ်။ သေချာကတော့ ၁၀ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ၆ နှစ်အရွယ် သားလေးတစ်ယောက်ဆုံးတာကို အတည်ပြုလို့ရတယ်” ဟု ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ လီဝိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်းမရှိ ကြောင်း၊ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့မှ တဆင့် စစ် ကြောင်း ၂ ခုဖြန့်ခွဲကာ နမ်းမယ်ခုံမြို့ဘက်ကို စစ်ကြောင်းထိုးနေပြီး ယင်းစစ်ကြောင်းများမှ ကလေးငယ်များကို ပစ်မှတ်ထားကာ ဒရုန်းဖြင့် ကင်း ထောက်ကာ ဗုံးကျဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေစာသင်နေတဲ့အချိန် ဒရုန်းဝဲက ဝဲနေတော့ ဆရာမတွေက အိမ်ပြန်လွှတ်လိုက်တာပါ။ အဲမှာ အိမ်ရောက်တော့ ပထမ ဗုံးတစ်လုံး စချပါပြီ။ ဒုတိယတစ်လုံးကလည်း သိပ်မဝေးဘူးဆိုတော့ ကလေးတွေရဲ့ အဖိုးကလည်း ပုန်းနေဖို့ဆိုပြီး အပင်အောက်ကို ညွှန်ပေးလိုက်တာ၊ အဲဒီအပင်အောက် လည်းရောက်ရော အဲဒီအပင်တည့်တည့်ကို ကြဲချသွားတာပါ” ဟု နန်းမယ်ခုံ အားမန်သစ် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှာလည်း နန်းမယ်ခုံမြို့အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ ကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း ကရင်နီပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၃၀ ဦး ထက်မနည်းသေဆုံးပြီး ၈၀ ဦး ကျော်ဒဏ်ရာရရှိထားကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းအရ သိရသည်။






