ရန်ကုန်၊ ဇွန် ၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာ စစ်တပ်စခန်းကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၁ လတာ လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၅ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၆ ၊ ၂၅၇ နှင့် ၂၅၈ တပ်ရင်းများမှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် မြိုင်မြို့နယ်၊ လင်းကတောရွာ စစ်တပ်စခန်းသို့ ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများသည် ဇွန်လ ၁၇ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ဒရုန်းများ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၇ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်ရောက်လာသူများ၏ ပြောကြားချက်အရ သိရှိရကြောင်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစုက ပြောဆိုထားသည်။
“စစ်ခွေးတွေဘက်က ထပ်တိုးသေဆုံးတာ ရှိခြင်းမရှိခြင်းကတော့ ကျနော်တို့မသိရသေးပါဘူး။ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆/၂၅၇/၂၅၈ တပ်ရင်း ဖူလုံတပ်ကို ပြန်ရောက်တဲ့ အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေးအလင်းဝင်လာတဲ့ ပစ ၂ ဦးရဲ့ ဖြေကြားချက်အရသိရတာပါ။ တိုက်ပွဲတွေအတွင်း စစ်ခွေးတွေဘက်က သိမ်းဆည်းရမိတာ အများကြီးတော့မရှိပါဘူး။ သေပြီးမြုပ်ထားတဲ့ စစ်ခွေးအလောင်းတွေကနေ နင်းမိုင်း ၁ လုံး ရတာရှိတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေပြန်ဆုတ်သွားတဲ့နောက်မှာတော့ RPG ကျည် ၁ ခုရတယ်။ ထိတွေ့တိုက်ပွဲဖြစ်စဉ်အတွင်း ကျနော်တော်လှန်ရေးရဲဘော်တွေဘက် ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစုနှင့်အတူ မြိုင်-ပကဖ ၊ MGY-PDF ၊ မကွေးတိုင်း-ပကဖ စစ်ကြောင်း-၄ ၊ ပခုက္ကူမြို့နယ်-ပကဖ၊ ရေစကြို တပ်ပေါင်းစု ၊ MRG မြေလတ်ပြောက်ကြားတပ်ဖွဲ့ ၊ ဗမာ့ဒေါင်း မြိုင်-ပကဖ ၊ မန်ကျည်းရိပ်-ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၂/၆/၁၅/၁၇ တပ်ရင်းများနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




