26.2 C
Yangon

ချင်းပြည်နယ်၊ ကန်ပက်လက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းများကို ဟန့်တားရန် လောင်းရှည်မြို့နယ်အတွင်းရှိ လမ်းပိုင်း ၃ ခု ပိတ်ထား

Must read

ရန်ကုန်၊ ဇွန် ၂၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာနိုင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို ဟန့်တားနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသအတွင်းရှိ အဓိကလမ်းပိုင်း ၃ ခုကို ယနေ့ ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ အသုံးပြုသွားလာခြင်း မပြုကြရန် အသိပေးထုတ်ပြန်ထားကြောင်း ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်း – Laung She PDF က ပြောကြားသည်။

ပိတ်ထားသည့် လမ်းပိုင်းများမှာ သီးကုန်း–လောင်းရှည်လမ်းပိုင်း၊ ပိန်းချောင်း–လောင်းရှည်လမ်းပိုင်းနှင့် အင်ဘူး–လောင်းရှည်လမ်းပိုင်းတို့ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် အဆိုပါလမ်းများကို လုံးဝရှောင်ရှားသွားလာကြရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကောင်စီတပ်စခန်းများအနီးရှိ အဆောက်အအုံများတွင် နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာ အတူတကွ နေထိုင်ခြင်းများကိုလည်း ရှောင်ကြဉ်ကြရန် မေတ္တာရပ်ခံထားသည်။

ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်း – Laung She PDF မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဆောဘက်ကနေ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ဖို့ အဲဒီလမ်းတွေကို အသုံးပြုလာနိုင်တာကြောင့် ကြိုတင်ဟန့်တားနိုင်ဖို့နဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် အခုလို ထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တော်လှန်ရေးအင်အားစုများ၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုကို ထိခိုက်စေရန်မဟုတ်ဘဲ သတ် မှတ် ထားသော စစ်ရေးပစ်မှတ်များကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုပြုကာ အသွားအလာများကို သတိထားဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များသည်လည်း ပြည်သူထဲမှ ပြည်သူများဖြစ်ပြီး ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ လက်ရှိစစ်ရေးတင်း မာနေသည့် အခြေအနေများအတွင်း ပြည်သူများအားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် အချင်းချင်း နားလည်ကူညီပူးပေါင်းပေးကြရန် ထပ်မံမေတ္တာရပ်ခံထားသည်။

လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်လည်း ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်း – Laung She PDF က နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article