ရန်ကုန်၊ ဇွန် ၂၆
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် မကွေးဖက်ဒရယ်ယူနစ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြားကာ စစ်ကြောင်းများ ပြိုကွဲလုနီးပါးအထိ ဖြစ်ပေါ်နေကြောင်း မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်လက်ယာက ပြောကြားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်လက်ယာက မေလလယ်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်သည် မကွေးတိုင်းကိုဖြတ်ကာ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များသို့ အင်အားထောင်နှင့်ချီ အသုံးပြုကာ ထိုးစစ်ဆင်နေကြောင်း၊ မြေပြင်တိုက်ပွဲများတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက အသာစီးရထားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း ပြောသည်။
“မကွေးဖက်ဒရယ်ယူနစ်အနေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ထီးလင်း၊ ကျောက်ထု၊ ဆောဘက်တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အပြန် အလှန် ကူညီဆောင်ရွက်နေပါတယ်။ မြေပြင်ထိတွေ့မှုတွေမှာတော့ ကျွန်တော်တို့ဘက်က အားသာပါတယ်။ ချင်းတော်လှန်ရေးမဟာမိတ်တွေနဲ့ ချိတ်ဆက်မှုရှိနေတဲ့အတွက် စစ်ကောင်စီဘက်က ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ထိခိုက်တယ်ဆိုတာ သိရပါတယ်။ စစ်ကြောင်းပျက်သလောက်အထိ ဖြစ်နေပြီး စစ်ကောင်စီဘက်က အင်အားအများအပြား ဆုံးရှုံးနေပါတယ်” ဟု ဗိုလ်လက်ယာက ပြောသည်။
စစ်တပ်က မြေပြင်စစ်ကြောင်းများတွင် ဆုံးရှုံးမှုများပြားနေခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်အရှိန်မြှင့် လုပ်ဆောင်လာကြောင်း၊ လေကြောင်းပံ့ပိုးမှု မရှိပါက စစ်ကြောင်းများ ပြိုကွဲသွားနိုင်သည့် အခြေအနေရှိနေပြီး မြေပြင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသာစီးရရှိထားကြောင်းလည်း ၎င်းက ဆိုသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၆ နာရီ ၅၉ မိနစ်၊ ၇ နာရီ ၅ မိနစ်နှင့် ၇ နာရီ ၁၁ မိနစ်တို့တွင် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ ပျံတက်လာသော ဂျက်တိုက်လေယာဉ် ၂ စီးက မင်းတပ်မြို့နယ်အရှေ့ခြမ်းတစ်နေရာကို ၃ ကြိမ် ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ နံနက် ၇ နာရီမှစတင်၍ Y-12 လေယာဉ်ဖြင့် ၃ လုံးတွဲ ဗုံးများကို ၇ ကြိမ်ကျဲချခဲ့ရာ ဗုံးအလုံးရေ ၂၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင်လည်း ကန်ပက်လက်မြို့နယ်အရှေ့ခြမ်း တစ်နေရာကို နေပြည်တော် အေလာလေတပ်မှ ပျံတက်လာသော ဂျက်တိုက်လေယာဉ်တစ်စီးနှင့် Y-12 လေယာဉ်တို့ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၃ မိနစ်၊ ၁ နာရီ ၃၈ မိနစ်၊ ၁ နာရီ ၄၃ မိနစ်နှင့် ၁ နာရီ ၄၉ မိနစ်တို့တွင်လည်း မင်းတပ်မြို့ပေါ်ကို တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံး ကျဲချတိုက် ခိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်နှင့် ၅ နာရီ ၅၅ မိနစ်တို့တွင် မင်းတပ်မြို့နယ်အရှေ့ခြမ်း တစ်နေရာကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး၊ ညနေ ၆ နာရီ ၃၀ မိနစ်နှင့် ၇ နာရီ ၂၀ မိနစ်တို့တွင် Y-12 လေယာဉ်များဖြင့် ၃ လုံးတွဲ၊ ၄ လုံးတွဲ ဗုံးများကို ၁၄ ကြိမ်ကျဲချကာ ဗုံးအလုံးရေ ၅၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။




