27.4 C
Yangon

ထိုင်းတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းအမျိုးသမီးအခန်းထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ် ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၇

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် အမျိုးသမီးတစ်ဦး နေထိုင်သည့် အခန်းသို့ အထပ်မြင့် အဆောင် ၂ ခုအကြားမှ ခုန်ကူးဝင်ရောက်ရန် ကြိုးပမ်းစဉ် ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၁ နာရီကျော်အချိန် ဘန်ဖလီရဲစခန်းသို့ အမျိုးသားတစ်ဦး အမြင့်မှပြုတ်ကျသေဆုံးကြောင်း သတင်းပေးပို့ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကိုအတိုး ဆိုသူမှာ အထပ်မြင့် အဆောင် ၂ ခုအကြား လမ်းကျဉ်းထဲတွင် သွေးအိုင်အတွင်း မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် မီးခိုးရောင်ဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားပြီး အနီးတွင် အမျိုးသမီးအတွင်းခံအဝတ်အစား ချိတ်ဆွဲသည့် ချိတ်တစ်ခုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ အဆောင်တတိယထပ်တွင် တစ်ဦးတည်းနေထိုင်သည့် အသက် ၃၉ နှစ်အရွယ် ထိုင်းအမျိုးသမီးက အခန်းထဲတွင်ရှိနေစဉ် အနောက်ဘက်လသာဆောင်မှ အသံကြားသဖြင့် တံခါးဖွင့်ကြည့်ရာ သေဆုံးသူ မြန်မာနိုင်ငံသားက ၎င်း၏အခန်းထဲ ဝင်ရောက်ရန် ကြိုးစားနေသည်ကို တွေ့ခဲ့ရကြောင်း ထွက်ဆိုသည်။

ထိုသို့တွေ့မြင်သဖြင့် ထိုင်းအမျိုးသမီးက အလွန်ထိတ်လန့်သွားကာ တံခါးကို ချက်ချင်းပြန်ပိတ်ပြီး အခန်းအတွင်း ဝင်သွားခဲ့ကြောင်း၊ မကြာမီအချိန်အတွင်း အောက်ဘက်သို့ ပြုတ်ကျသည့်အသံကြားသဖြင့် ပြန်ထွက်ကြည့်ရာ မြန်မာနိုင်ငံသားအမျိုးသားမှာ မြေပြင်သို့ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း ထွက်ဆိုသည်။

ထိုင်းအမျိုးသမီး၏ ပြောကြားချက်အရ သေဆုံးသူသည် မျက်နှာချင်းဆိုင် အဆောင်တွင် နေထိုင်သည့် မြန်မာအလုပ်သမားဖြစ်ပြီး အဆောင်၂ လုံးအကြား အကွာအဝေးမှာ ၁ ဒသမ ၅ မီတာခန့်သာ ရှိကြောင်း၊ သေဆုံးသူသည် ထိုင်းအမျိုးသမီး၏အခန်းထဲ ဝင်ရောက်ရန် ရည်ရွယ်၍ အဆောင်တစ်လုံးမှ တစ်လုံးသို့ ခုန်ကူးခဲ့ရာမှ ဟန်ချက်ပျက်ပြီး ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆထားသည်။

သေဆုံးသူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ကိုအတိုး သည် အဆိုပါအဆောင်တွင်မြန်မာနိုင်ငံသား သူငယ်ချင်း သုံးဦးနှင့်အတူ အခန်းငှားနေထိုင်ကြောင်း၊ သေဆုံးသူ၏ သူငယ်ချင်းနှစ်ဦးမှာ အိပ် ပျော်နေသဖြင့် ဖြစ်စဉ်ကို မသိရှိကြောင်း ပြောဆိုကြသည်။

ထိုင်းရဲတပ်ဖွဲ့က အမှုကို မှတ်တမ်းတင်ထားပြီး မျက်မြင်သက်သေများကို ထပ်မံစစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိစုံစမ်းမှုအရ သေဆုံးသူသည် ထိုင်းအမျိုးသမီး၏ အခန်းသို့ ဝင်ရောက်ရန် သို့မဟုတ် လသာဆောင်တွင် လှန်းထားသည့် အမျိုးသမီးအတွင်းခံအဝတ်အစားများကို ယူရန် အဆောင်တစ်လုံးမှ တစ်လုံးသို့ ခုန်ကူးခဲ့ရာမှ ဟန်ချက်ပျက်ကာ အောက်သို့ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦးသုံးသပ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article