27.4 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့် မင်းအောင်လှိုင်ကို ထိပ်သီး အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်မှု အပေါ် ကြံ့ဖွတ်လွှတ်တော်က ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ ဇွန် ၂၇

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်မှုတို့သည် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို ထိခိုက်စွက်ဖက်နေသည်ဟုဆိုကာ ကြံ့ဖွတ်လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို ယမန်နေ့က တင်သွင်းသည်။

ယမန်နေ့ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ကြံ့ဖွတ်ပါတီမှ နန္ဒာလှမြင့်က အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း အဆိုကို တင်သွင်းလာခြင်းဖြစ်သည်။

“ အာဆီယံကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေဟာ လက်ရှိအခင်းအကျင်းနဲ့ ကိုက်ညီမှုမရှိတော့သလို အာဆီယံပဋိညာဉ်ပါ အဓိကအခြေခံမူတွေနဲ့လည်း မညီညွတ်တာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ အာဆီယံပဋိညာဉ်မှာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရဘူး။ တန်းတူရည်တူရှိရမယ်။ ဒီလိုသဘောတူညီချက်တွေရှိပါတယ်။ နိုင်ငံအားလုံး သဘောတူပြီးမှ တန်းတူရည်တူဆက်ဆံရမယ်။ အာဆီယံရဲ့ထုတ်ပြန်ကြေညာချက်နဲ့ ဆောင်ရွက်ချက်တွေဟာ ဒီမူတွေကို ကျော်လွန်နေတယ်၊ ပဋိညာဉ်ကို ချိုးဖောက်နေသလို ဖြစ်နေတယ်” ဟု နန္ဒာလှမြင့်က ပြောဆိုသည်။

ထို့ပြင် အာဆီယံအစည်းအဝေးများသို့ စစ်ခေါင်းဆောင်များကို ဖိတ်ကြားခြင်းမရှိဘဲ တက်ရောက်ခွင့်ပိတ်ပင်ထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူကို ချိုးဖောက်နေကြောင်း၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း၊ တန်းတူရည်တူအခွင့်အရေးမပေးခြင်းစသည့် ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသည့် လုပ်ဆောင်နေကြောင်း နန္ဒာလှမြင့်က ဆိုသည်။

နန္ဒာလှမြင့်၏ အဆိုကို လွှတ်တော်အမတ် အမည်ခံ နန်းရီရီဝင်းက ထောက်ခံ​ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံနိုင်ငံအချင်းချင်း ရိုးသားမှုကိုအခြေခံပြီး ကူညီရိုင်းပင်ချင်သောစိတ်၊ ပူးပေါင်းဆောင်ရွက်လိုသောစိတ်နှင့် ဆောင်ရွက်ရန် ချဉ်းကပ်လာသည့် ပုံစံမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာပြီး မိမိနိုင်ငံ၏ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောဆိုသည်။

အာဆီယံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မည်ဆိုပါက မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် လက်တွေ့မြေပြင်အခြေအနေများကိုပါ အလေးထားထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးလှသည့်အပြင် နိုင်ငံတော်၏ ပကတိအခြေအနေဖြင့် ကိုက်ညီမှုမရှိကြောင်း ပြောဆိုထားသည်။

နန္ဒာလှမြင့်၏ အဆိုကို ကြံ့ဖွတ်လွှတ်တော်က ဆွေးနွေးရန် ဆုံးဖြတ်ပြီး မကြာမီ အကျယ်တဝင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန် အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးမှ အစွမ်းကုန် ထိန်းသိမ်းကြရန်၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ခု ရှာဖွေနိုင်ရန် သက်ဆိုင်သူ အစုအဖွဲ့အားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးကို စတင်ရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးကို အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ခန့်အပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးရန် နှင့် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် သက်ဆိုင်သူ အစုအဖွဲ့အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်တို့ပါဝင်သည်။

သို့ရာတွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာသဖြင့် အာဆီယံက မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article