ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ ရဲဘော် ငဖြိုးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွင်းဆင်း စစ် ဆေးနေကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဇွန်လ ၂၆ ရက်နေ့လယ်ပိုင်းတွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံး၌ ပြုလုပ်သည့် အစည်းအဝေးအတွင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ တပည့်ဖြစ်သူ ရဲဘော် ငဖြိုးက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲဘော်ပုလဲမောင်မှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။
“လက်ရှိ ပစ်ခတ်တဲ့သူကိုလည်း ဖမ်းဆီးထားပြီးဖြစ်သလို တိုင်းစစ်ဌာနကနေလည်း ဆင်းပြီးတော့ လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဘယ်လို၊ ဘယ်ပုံ အရေး ယူဆောင်ရွက်မလဲဆိုတာတော့ စစ်ဆေးပေါ်ပေါက်မှုတွေပြီးမှ လိုအပ်တဲ့ အရေးယူဆောင် ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ရဲဘော် ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင် စစ်ဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် နောက် ဆက်တွဲ မလိုလားအပ်သည့် ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်အနေဖြင့် လည်း စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ပြင် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင် ကျဆုံးမှုအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- CJ ။




