ရန်ကုန်၊ ဇွန် ၂၇
မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုများ ရုတ်တရက် မြင့်တက်လာခြင်းသည် အရေးယူမှုအပြစ် ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းနှင့် ထိရောက်သော တာဝန်ခံမှု ယန္တရားများ ကင်းမဲ့နေမှုတို့ကြောင့် ပိုမိုအားကောင်းလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်သည်။
ဇွန် ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းချိန်မှစ၍ ကြီးလေးသော ရာဇဝတ်မှုများ ဖြစ်ပွားနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်နေကြောင်း ၊မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အသက်နှင့် အနာဂတ်ကို ကာကွယ်ရန်အတွက် ခိုင်မာသော အစီအမံ ၃ ရပ်ကို အလေးအနက်ထား တောင်းဆိုခဲ့ပြီး စစ်ကောင်စီထံသို့ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရန်၊ ထိရောက်သော တာဝန်ခံမှုဆိုင်ရာ အစီအမံများ ဖော်ဆောင်ရန်၊ ထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းများကို လက်တွေ့ကျကျ ပံ့ပိုးရန် သံအမတ်ကြီးက တောင်းဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာနှင့် OHCHR ၏ ထုတ်ပြန်ချက်များအရ အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ကြုံတွေ့နေရသည့် ဘေးဒုက္ခများ၏ အဓိကအကြောင်းရင်း ဖြစ်သည်။
စစ်တပ်သည် စာသင်ကျောင်းများနှင့် ပညာသင်ကြားရေးနေရာများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ကလေးငယ်များသည် ကတုတ်ကျင်းများနှင့် ယာယီစခန်းများတွင် ပညာသင်ကြားနေရပြီး ပညာသင်ကြားခွင့် အခြေခံအားဖြင့် ဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့် အကြမ်း ဖက်စစ်အုပ်စုထံ လက်နက်ကိရိယာများ၊ လက်နက်များ၊ လေယာဉ်ဆီနှင့် အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်းဝင်ရောက်နေမှုကို ဖြတ်တောက်ပေးရန် အဖွဲ့ဝင်နိုင်ငံများကို ၎င်းက တောင်းဆိုသည်။
အစီရင်ခံစာများအရ စစ်ကောင်စီ၏ ရက်စက်မှုများကြောင့် ကလေးသူငယ် ၁၅၃ ဦး အပါအဝင် အရပ် သား ၇၀၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၏ အကြမ်းဖက်မှုများ ရုတ်တရက် မြင့်တက်လာခြင်းသည် အရေးယူမှုအပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်း (Impunity) နှင့် တာဝန်ခံမှုယန္တရား ကင်းမဲ့နေခြင်းကြောင့် ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ထို့ပြင် စစ်ကောင်စီနှင့် မဆင်မခြင် ထိတွေ့ဆက်ဆံမှုများသည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် စစ်တပ်ကို အားပေးအားမြှောက်ဖြစ်စေသည်ဟု ပြည်သူများက ရှုမြင်ကြသည်။ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရန်နှင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် တိုက်တွန်းခဲ့သည်။
တရားမဝင် အာဏာသိမ်းချိန်မှစ၍ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ် ၆ ဒသမ ၃ သန်းကျော်သည် အခြေခံပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် ပဋိပက္ခဒေသများရှိ ကလေးငယ်များအတွက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ အင်တာနက်ချိတ်ဆက်မှုနှင့် အဝေးမှသင်ယူနိုင်မည့် အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် စဉ်ဆက်မပြတ်သော ရန်ပုံငွေထောက်ပံ့မှု လိုအပ်နေကြောင်း သူက ဆိုသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကာ ဆန်းသစ်သော အွန်လိုင်းပညာရေးလမ်းကြောင်းများကို ဖန်တီးပေးလျက်ရှိကြောင်း သူက ထည့်သွင်းပြောကြားသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် မြန်မာ့ကလေးသူငယ် မျိုး ဆက်တစ်ခုလုံး၏ အနာဂတ်ကို ခြိမ်းခြောက်နေသဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးထက် ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်သင့်ကြောင်း သတိပေးသည်။
ထို့ပြင် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ရွေးချယ်မှုတစ်ရပ်ပင်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းနေသော မြန်မာပြည်သူများကို နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းပံ့ပိုးပေးမှသာ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကို စစ်မှန်စွာ အာမခံနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။






