ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း စစ်သင်္ဘော ၂ စီး ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသော ကမ်းထိုးသင်္ဘော ၁ စီးနှင့် တိုက်ခိုက်ရေး သင်္ဘော ၁ စီးတို့သည် လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အတွင်းရောက်ရှိလာပြီး ရှိမ်းမကားရွာ အနီးတွင် သင်္ဘော ၂ စီး ပူးတွဲ ကျောက်ချထားကြောင်း သိရသည်။
ထို သင်္ဘော ၂ စီးသည် ဝက်လက်မြို့နယ် အရှေ့ခြမ်း အင်ဒေါင်းရွာအရှေ့ကို ရောက်ရှိလာချိန်မှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နေခြင်းကြောင့် မြစ်ကြောင်း တောက်လျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မတ္တရာမြို့နယ် အနောက်ခြမ်းရှိ မိုးကြိုရွာ ၊ ရေလယ်ကျွန်းရွာ နှင့် ဝက်လက်နယ် အရှေ့တောင်ခြမ်းရှိ စဉ့်ကိုင်ရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
“စစ်ခွေး သင်္ဘောတွေကကော လေယာဉ်ကပါ ပစ်ခတ် တိုက်ခိုက်နေတာ မြစ်ကြောင်း တောက်လျောက်က ပြည်သူတွေကတော့ တိမ်းရှောင်နေရပြီ စစ်ခွေးတွေ ဗုံးကျဲတာ ပြည်သူတွေ ထိခိုက်မှုရှိပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ နံနက်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အခြေစိုက် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း -တတက ၁၃ မှ တက်လာသော Mi-35 ရဟတ်ယာဉ် ၁ စီးကလည်း မတ္တရာမြို့နယ် အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ် အနောက် တောင်ခြမ်းနေရာများကို နံနက် ၇ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၆ မိနစ်တွင် တစ် ကြိမ်၊ နံနက် ၇ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ်နှင့် ၇ နာရီ ၅၈ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




