ရန်ကုန်၊ ဇွန် ၂၇
ထိုင်းနိုင်ငံ၊ ဖတ်သလွန်း (Phatthalung) ခရိုင်နှင့် ဆူရတ်ဌာနီ (Surat Thani) ခရိုင်တို့တွင် တရားမဝင် ခိုင်းဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဖတ်သလွန်းခရိုင်၊ အာရှလမ်းမကြီးပေါ်၌ တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် Mazda အမျိုးအစား ကား ၁ စီးသည် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အရေးပေါ်မီးကို ရဲစစ်ဆေးရေးဂိတ်ဟု ထင်မှတ်ခဲ့၍ အဆိုပါ ကားကိုမောင်းနှင်လာသည့် ထိုင်းယာဉ်မောင်းဖြစ်သူသည် လမ်းဘေးတွင် ရပ်တန့်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ထို့နောက် ထိုင်းရဲတပ်ဖွဲ့က အဆိုပါကားကို သွားရောက်စစ်ဆေးရာ ကားအတွင်းခန်းနှင့် ကားနောက်ဖုံးအတွင်း တရားမဝင် ခိုးဝင်လာသည့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ရှာဖွေတွေ့ရှိခဲ့၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားများထံ ငွေကြေးပေးအပ်ကာ ၁၃ နာရီကျော်ကြာ အဆိုပါကားဖြင့် လိုက်ပါလာခြင်းဖြစ်ပြီး လမ်းခရီးတွင် ယာဉ်မောင်းက စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော ကလေး ၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၄ ဦးကို နခယတ် (Na Khayat) မြို့ရှိ ရဲစခန်းသို့ ပို့ဆောင်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ထားကာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးသွားသည့် ယာဉ်မောင်းနှင့် လူမှောင်ခိုဂိုဏ်းကို ဖော်ထုတ်ရန် ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်လည်း ဆူရတ်ဌာနီခရိုင်၊ ဘန်းနဒုမ်း (Ban Na Doem) မြို့နယ်အတွင်းရှိ လမ်းမကြီးတစ်ခုပေါ်၌ တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကား ၁ စီးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့မှ စစ်ဆေးရန် တားဆီးခဲ့ကာ ရပ်တန့်ခြင်းမရှိဘဲ ထိုင်းယာဉ်မောင်းဖြစ်သူက မောင်းနှင်ထွက်ပြေးသွား၍ ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့သို့ လိုက်လှံဖမ်းရာမှ လမ်းဆုံးတွင် ပိတ်မိပြီး ထိုင်းယာဉ်မောင်းဖြစ်သူက ကားကိုထားခဲ့ကာ ရာဘာစိုက်ခင်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ ကားကို ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ကားအတွင်းခန်းနှင့် ပိုက်ကွန်အမည်းများဖြင့် အုပ်ထားသည့် ကားနောက်ဖုံးတို့တွင် တရားမဝင်ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၃ ဦး (အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး) ကို တွေ့ရှိခဲ့၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၃ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာ-ထိုင်းနယ်စပ် သဘာဝတောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၃ ဦးကို ဘန်းနဒုမ်းမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားကာ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်မှုဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ပြီး ထွက်ပြေးသွားသည့် ထိုင်းယာဉ်မောင်းကိုလည်း ဖမ်းဆီးရမိရေး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြုလုပ်နေကြောင်း သိရှိရသည်။






