26.9 C
Yangon

မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြည်ပမှ သွင်းကုန်များ တင်သွင်းမှုကို လျှော့ချ အစားထိုးပြီး ပို့ကုန်များကိုသာ ဦးစားပေးတင်ပို့မည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြော

Must read

ရန်ကုန်၊ ဇွန် ၂၈

မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြည်ပမှ သွင်းကုန်များ တင်သွင်းမှုကို လျှော့ချ အစားထိုးပြီး ပို့ကုန်ဦး တည်သည့် ကုန်ထုတ်လုပ်မှုကိုသာ အဓိက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဇွန်လ ၂၇ ရက်နေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားတွင် မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ပြီး သွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန်ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို အားပေးခြင်းဖြင့် အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးသည့် ခိုင်မာသော နိုင်ငံ့စီးပွားရေးကို တည်ဆောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် ဒေသတစ်ခုချင်းစီ၏ အားသာချက်များကို အခြေခံ၍ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product – OROP)” စနစ်ကို အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သဖြင့် ပြည်တွင်းတွင် အလွယ်တကူရရှိနိုင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို ကုန်ကြမ်းအဖြစ် အပြည့်အဝ အသုံးချရန် လိုအပ်ကြောင်း၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား၊ ဓာတ်မြေဩဇာနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်းများကဲ့သို့ သွင်းအားစုများကိုလည်း သင့်လျော်သည့် နည်းလမ်းများဖြင့် အစားထိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများကို သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးအလေးထား ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် MSME လုပ်ငန်းများတွင် ပြည်တွင်းရှိ သဘာဝသယံဇာတများနှင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလကုန်ကြမ်းအတိုင်း ရောင်းချနေခြင်းမှ ခေတ်မီနည်းပညာများ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

လက်ရှိ ပြည်ပမှ တင်သွင်းနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်အများစုမှာ မြန်မာနိုင်ငံတွင် ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့် ကုန်ကြမ်းများကို ထိရောက်စွာ အသုံးချပြီး အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက ပြည်ပမှ ကုန်ချောတင်သွင်းရမှုကို လျှော့ချနိုင်မည့်အပြင် သွင်းကုန်အစားထိုးရေးကိုလည်း လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်း၊ နိုင်ငံခြားငွေပြတ်လပ်ခြင်းနှင့် သွင်းကုန်ထိန်းချုပ်မှုများ ဆက်တိုက်လုပ်ဆောင်လာသည့် အခြေအနေတွင် စစ်ကောင်စီက သွင်းကုန်လျှော့ချရေးနှင့် ပို့ကုန်တိုးမြှင့်ရေးကို အဓိကစီးပွားရေးမူဝါဒတစ်ရပ်အဖြစ် ဆက်လက်တွန်းအားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article