ရန်ကုန်၊ ဇွန် ၂၉၊ ၂၀၂၆
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလွန်တင်းကျပ်လှသော သွင်းကုန်မူဝါဒများကို ဖြေလျှော့ပေးရန် ၎င်းနှင့်နီးစပ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တချို့က စုပေါင်း၍ သွားရောက်တင်ပြ တောင်းဆိုခဲ့ကြသော်လည်း မင်းအောင်လှိုင်က သဘောမတူဘဲ လုံးဝပယ်ချခဲ့ကြောင်း UMFCCI သတင်းရင်းမြစ်ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများနှင့် ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ရှိ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ ရရှိစေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များက ယခုကဲ့သို့ သွားရောက်တင်ပြခဲ့ကြခြင်း ဖြစ်သည်။
“ကုန်ကြမ်းတွေသွင်းမယ့် ဒေါ်လာကို ဗဟိုဘဏ်ကနေ ချထားပေးစရာမလိုဘူး။ ကိုယ့်ဟာကိုယ် ပြင်ပစျေးကွက်ကနေ ဝယ်ယူပြီးတော့ ကိုယ့်ငွေနဲ့ကိုယ် သွင်းပါ့မယ်။ သွင်းကုန်လိုင်စင်ကို ဖြေလျှော့ပေးဖို့ တင်ပြကြတယ်။ သူပြန်ပြောတာက အဲဒီလိုခွင့်ပြုလိုက်လို့ ဒေါ်လာ Demand များလာရင် ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုး ကျလာမယ်။ ငွေလဲနှုန်း မတည်မငြိမ်ဖြစ်မယ်ပေါ့။ ဖြစ်နိုင်ရင်တော့ ပြည်တွင်းကုန်ကြမ်းတွေနဲ့ပဲ ရအောင် လုပ်ပါဆိုပြီး ခိုင်းတယ်” ဟု UMFCCI သတင်းရင်းမြစ်က ကုန်သည်ကြီးများ၏ တင်ပြချက်နှင့် ပယ်ချခံရပုံကို ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်း၊ နိုင်ငံခြားငွေပြတ်လပ်ခြင်းတို့ကြောင့် စစ်ကောင်စီက သွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းကုန်ကြမ်းအခြေပြု သွင်းကုန်အစားထိုးရေးကိုသာ ဇွတ်မှိတ်တွန်းအားပေးနေခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အခမ်းအနားတွင်လည်း ပြည်ပမှ သွင်းကုန်တင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုသာ ကုန်ကြမ်းအဖြစ် အပြည့်အဝ အသုံးချရန် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်တပ်က နိုင်ငံခြားငွေချွေတာရေးနှင့် သွင်းကုန်ထိန်းချုပ်ရေး ရက် ၁၀၀ စီမံချက်အရ ပြည်တွင်း၌ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများမှအပ ကျန်သွင်းကုန်များကို လိုင်စင်ချမပေးဘဲ ပိတ်ပင်ထားသည့်အပြင် ထိုင်းနှင့် တရုတ်နယ်စပ်မှ ဝင်ရောက်လာသော သွင်းကုန်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိသည်။
ထို့ပြင် ယခုဇွန်လအတွင်းမှစတင်၍ စက်သုံးဆီ တင်သွင်းမှုများကိုပါ လျှော့ချလိုက်ပြီး ဆီဆိုင်များသို့ ချထားပေးသည့် ဆီခွဲတမ်းများကိုပါ လျှော့ချလိုက်သဖြင့် စက်သုံးဆီကဏ္ဍပါ ထိခိုက်လာနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မင်းအောင်လှိုင်၏ တင်းကျပ်သော သွင်းကုန်ထိန်းချုပ်မှု အကျိုးဆက်ကြောင့် လက်ရှိတွင် သီလဝါဇုန် အပါအဝင် ပြည်တွင်းစက်မှုဇုန်များမှ စက်ရုံ ၇၀ ရာခိုင်နှုန်းခန့်မှာ သွင်းကုန်လိုင်စင်ရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေ မရရှိခြင်းတို့ကြောင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းလုနီးပါး ရင်ဆိုင်နေရသည်။
အခြားတစ်ဖက်တွင်လည်း ပြည်တွင်းမှ ဒေါ်လာကို လုံးဝသုံးစွဲခြင်းမရှိဘဲ အထည်ချုပ်လက်ခစားစနစ်ဖြင့်သာ လည်ပတ်နေသည့် CMP အထည်ချုပ်လုပ်ငန်းများကိုပါ ဇွန်လ ၈ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားပြီးမှသာ ကုန်ကြမ်းတင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက အရေးပေါ် အမိန့်ထုတ်ပြန် တင်းကျပ်ခဲ့သည်။
အဆိုပါ လုပ်ထုံးလုပ်နည်း ရုတ်တရက်ပြောင်းလဲမှုကြောင့် ဇွန်လ ၈ ရက်နေ့မတိုင်မီကတည်းက မှာယူထားပြီး ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် အထည်ချုပ်ကုန်ကြမ်းများကို ထုတ်ယူ၍မရတော့ဘဲ စက်ရုံများ အခက်အခဲဖြစ်နေရကြောင်း၊ CMP ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်လျှောက်ထားသော်လည်း အလွယ်တကူချမပေးသဖြင့် အထည်ချုပ်လုပ်ငန်းများ နှေးကွေးရပ်ဆိုင်းလုနီးပါးဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တချို့က ပြောဆိုသည်။
လှိုင်သာယာမှ အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက “ဇွန် ၁၀ ရက်နေ့လောက်ကတည်းက တင်ထားတဲ့ ကုန်ကြမ်းသွင်းကုန်လိုင်စင်က မနေ့ကအထိ မကျလာဘူး။ အထည်အော်ဒါတွေရနေပေမယ့်လည်း ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်မရတော့ လုပ်ငန်းလည်ပတ်ဖို့ ခက်နေတယ်” ဟု လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် အခြေအနေကို ရှင်းပြသည်။
ယခုကဲ့သို့ သွင်းကုန်လိုင်စင်များ တင်းကျပ်ထားသော်လည်း အရေးပေါ် ကုန်ကြမ်းသွင်းရန် လိုအပ်နေသည့် လုပ်ငန်းရှင်များသည် သွင်းကုန်လိုင်စင်ရရှိရေးအတွက် ငွေကျပ်သိန်းရာထောင်ချီ အသုံးပြုကာ စစ်ကောင်စီအရာရှိကြီးများနှင့် ချိတ်ဆက်၍ လာဘ်ပေးနေရကြောင်း သိရသည်။
ဒုသမ္မတ ညိုစော၊ စီးပွားကူးသန်းဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ ဆွေမျိုးသားချင်းများနှင့် ခရိုနီအုပ်စုများသာ သွင်းကုန်လိုင်စင် ရရှိရေး အဆင်ပြေနေကြပြီး အမှန်တကယ် လိုအပ်နေသည့် စက်ရုံများမှာမူ ပိတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် သွင်းကုန်လိုင်စင်ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူ လုပ်နေရာတွင် စီးပွား/ကူးသန်းဒုတိယဝန်ကြီး မင်းမင်း၏ လက်ရင်းတပည့်ဖြစ်သူ ညွှန်ကြားရေးမှူး မျိုးခိုင်ဝင်းဆိုသူသည် ပို့ကုန်/သွင်းကုန် အေးဂျင့် (Agent) များထံမှ လိုင်စင်တစ်စောင်လျှင် ငွေသိန်းပေါင်းများစွာကို လာဘ်ငွေအဖြစ် ဗြောင်ကျကျ တောင်းခံကာ ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများကိုသာ အပတ်စဉ် သွင်းကုန်လိုင်စင်များ ချထားပေးနေကြောင်း စီးပွားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။




