25.6 C
Yangon

ထိုင်းနိုင်ငံ အရက်မူး၍ ဆူညံမှုဖြင့် မြန်မာလုပ်သား ၃ ဦး ပစ်သတ်ခံရမှု ကျေးရွာလုံခြုံရေးအဖွဲ့က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ပစ်ခတ်ခဲ့ဟု ထွက်ဆို၊ ထိုင်းရဲတပ်ဖွဲ့ကလည်း အရေးယူရန် ရှိ၊မရှိ ထုတ်မပြော

Must read

ရန်ကုန်၊ ဇွန် ၂၉

ထိုင်းနိုင်ငံ၊ ချာချောင်ဆောင် (Chachoengsao) ပြည်နယ်၊ ဖနွမ်ဆာရာခမ် (Phanom Sarakham) ခရိုင်တွင် အရက်သောက်၍ ဆူညံနေသည်ဟုဆိုသော မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ကျေးရွာလုံခြုံရေးအဖွဲ့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က Koh Khanun ကျေးရွာအုပ်စု၊ Ban Nong Nam Dam ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများ၏ ကိုယ်ခန္ဓာတွင် သေနတ်ဒဏ်ရာ အများအပြား တွေ့ရှိခဲ့ရသော်လည်း လက်ရှိအချိန်အထိ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် Pichai Daphantha အမည်ရှိ ထိုင်းနိုင်ငံသားတစ်ဦးမှာလည်း ဘယ်ဘက်ကိုယ်ခန္ဓာတွင် ဓားဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မရောက်ရှိမီ Phanom Sarakham ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာမှ ၉ မီလီမီတာ ကျည်ခွံ ၁၆ ခုကျော်၊ သေနတ်တစ်လက်နှင့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာများကို ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ် ကျေးရွာလုံခြုံရေးစေတနာ့ဝန်ထမ်း Theerapat Nopthao ဖြစ်ကြောင်း သိရပြီး ၎င်း၏ ထွက်ဆိုချက်အရ ၎င်းနှင့် သူငယ်ချင်းတစ်ဦးတို့သည် လူနေရပ်ကွက်အနီး အရက်သောက်ကာ အသံကျယ်ကျယ်ဖြင့် သီချင်းဖွင့်နေသည့် ရွှေ့ပြောင်းလုပ်သားအုပ်စုများကို သွားရောက်သတိပေးခဲ့ရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်း၏ သူငယ်ချင်းမှာ ပုလင်းဖြင့် ရိုက်နှက်ခံရပြီး မြေပြင်ပေါ်လဲကျချိန်တွင် ဓားဖြင့် ထပ်မံထိုးခံခဲ့ရကြောင်း၊ ထို့နောက် ဓားကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ၎င်းထံသို့ ပြေးဝင်လာသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Theerapat Nopthao က ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

လက်ရှိတွင် ထိုင်းမှုခင်းဆိုင်ရာ ကျွမ်းကျင်စစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားရာနေရာတွင် သက်သေအထောက်အထားများကို ဆက်လက်စုဆောင်းစစ်ဆေးနေပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်မှုကျူးလွန်သူအား မည်သည့်ပုဒ်မများဖြင့် အရေးယူမည် သို့မဟုတ် အမှုဖွင့်အရေးယူထားခြင်း ရှိ၊ မရှိကို ထိုင်းရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article