25.6 C
Yangon

ပုလဲတွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု အသက် ၆၀ အရွယ် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ပြာကျ၊ မြေပြင်စစ်ကြောင်းကလည်း ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ

Must read

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ပုလဲမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်သားများက လက် တောင်းကြီး ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ အသက် ၆၀ အ ရွယ် ပြည်သူအမျိုးသား ၁ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့သည့်အပြင် ကျေးရွာ နေအိမ် ၂ လုံးလည်း မီးလောင်ပြာကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပုလဲမြို့ပေါ်မှာ လက်တောင်းကြီးကျေးရွာဘက်သို့ တစ်ရက်ခြားတစ်ခါ ကင်းပတ်စစ်ကြောင်း ထိုးလေ့ရှိပြီး စစ်ကြောင်းမထွက်သည့်ရက်များတွင် ပုလဲမြို့ပေါ်မှနေ၍ လက်တောင်းကြီးကျေးရွာ ရှိ ရာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“ပုလဲမြို့ကနေထွက်လာပြီး လက်တောင်းကြီးရွာဘက်ကို စစ်ကြောင်းက တရက်ခြားလောက် ကင်း ပတ်တယ်။ မရောက်တဲ့နေ့တွေမှာ ပုလဲမြို့ဘက်ကနေ လက်နက်ကြီးများနဲ့ လှမ်းပြီး လက်တောင်း ကြီးရွာဘက်ကို ပစ်တယ်။ အရင်ရက်ကလည်း လက်တောင်းကြီရွာ လက်နက်ကြီးကျလို့ အိမ်အချို့ ပျက်စီးပြီး အသက် ၆၀ အရွယ် ‌အမျိုးသား ၁ ဦး ထိခိုက်သေဆုံးတယ်လို့သိရတယ်။ နောက်ထပ်ကြား သိရတာက လက်နက်ကြီးကျလို့ အိမ်နှစ်လုံး မီးလောင်ကျွမ်းသွားတယ်လို့လဲ သိရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အ တွင်းရှိ ကျေးရွာများကို စစ်ကြောင်းများခွဲကာ ဝင်ရောက်ပြီး ထပ်မံမွှေနှောက်ခဲ့ကြောင်း၊ ယနေ့မွန်း လွဲပိုင်းတွင် ပုလဲမြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းသည် မကျီးကန်ကျေးရွာနှင့် လက်တောင်းကြီး ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် ပုလဲမြို့ထဲသို့ ပြန်လည်ဝင် ရောက်သွားကြောင်း သိရှိရသည်။

အလားတူ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း သရက်ကန်ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်တန်ဖိုးကြီး ပစ္စည်းများကို အတင်းအဓမ္မ ခိုးယူလုယက်ခဲ့ကြပြီးနောက် လည်ငေါက်ကျေးရွာလမ်းဆုံတွင် ကင်း ပုန်းဝပ်တပ်စွဲထားကြောင်း သိရသည်။

“လက်ရှိမှာ စစ်ခွေးတွေက ယင်းမာပင်နယ်က လည်ငေါက်ရွာ လမ်းဆုံမှာ ထိုင်နေတယ်။ လည်ငေါက် ရွာလမ်းဆုံမှာ တပ်ထိုင်ထားတဲ့အတွက် ဒေသအတွက် လိုအပ်တဲ့စားသောက်ကုန်အများစု သယ်ယူဖို့ ခက်ခဲအတွက် ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်။ ယင်းမာပင်မြို့နဲ့ ပုလဲမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီးကို အသုံးပြုလို့ မရတော့တဲ့ အခြေအနေပါ။ လည်ငေါက်ရွာ၊ သရက်ကန်ရွာ၊ မကျည်းကန် ရွာ၊ လက်တောင်းကြီးရွာ၊ ချောင်းကန်ရွာ၊ အလယ်ဘုံရွာက ပြည်သူတွေက စစ်ကြောင်းက ငြိမ်နေရင် ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ဝင်ပြီးနေကြရပြီး စစ်ကြောင်းက လှုပ်နေတယ်လို့ သတင်းကြားရရင်ပြန် ပြီး ထွက်ပြေးကာတိမ်းရှောင်နေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာလမ်းဆုံတွင် အထိုင်ချ ထားပြီး ယင်းမာပင်-ပုလဲ လမ်းမကြီးကို ပိတ်ဆို့ထား၍ ဒေသတွင်း ကုန်စည်စီးဆင်းမှု ဖြတ်တောက် ထားသဖြင့် အခြေခံစားသောက်ကုန်ပြတ်လပ်မှုကို ပြည်သူများ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် ကာ စစ်ကြောင်းထိုးမှုများကြောင့် လည်ငေါက်ရွာ၊ သရက်ကန်ရွာ၊ မကျည်းကန်ရွာ၊ လက်တောင်း ကြီးရွာ၊ ချောင်းကန်ရွာနှင့် အလယ်ဘုံရွာရွာတို့မှ ထောင်နှင်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက် ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ = ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပြည်သူတစ်ဦး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article