ရန်ကုန်၊ ဇွန် ၃၀
ဦးခွန်ဥက္ကာ ဦးဆောင်သည့် PNLO NCA-S အမည်ဖြင့် ထုတ်ပြန်လျက်ရှိသော စာတမ်းများ၊ ခန့်အပ်စာများ၊ ကိုယ်စားပြုစာများနှင့် အခြားဆက်သွယ်ဆောင်ရွက်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ တရားဝင်သဘောထား သို့မဟုတ် တရားဝင်ကိုယ်စားပြုမှုအဖြစ် မမှတ်ယူကြရန် PNLO က ယနေ့ ဇွန်လ ၃၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။
PNLO ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဦးခွန်ဥက္ကာက PNLO အမည်ဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်သည် PNLO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ညီလာခံ၏ အမြင့်ဆုံးအာဏာနှင့် အဖွဲ့အစည်း၏ တရားဝင်ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
PNLO သည် ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ ကျင်းပခဲ့သော တတိယအကြိမ်ညီလာခံတွင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသော ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရပ်တည်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဖွဲ့အစည်းကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ PNLO အမည်ဖြင့် ကိုယ်စားပြုခြင်း၊ ဗဟိုခေါင်းဆောင်များ ခန့်အပ်ခြင်း၊ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပ ကိုယ်စားပြုဆောင်ရွက်ခြင်းတို့ကို ညီလာခံ သို့မဟုတ် ညီလာခံက ရွေးကောက်တင်မြှောက်ထားသော ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း PNLO က ဆိုသည်။
ထုတ်ပြန်ချက်တွင် ဦးခွန်ဥက္ကာသည် PNLO ၏ တတိယအကြိမ်ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်အရွေးခံခဲ့ခြင်းမရှိသလို ညီလာခံကလည်း ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင် မြှောက် ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။
PNLO ဗဟိုကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဦးခွန်ဥက္ကာအား နာယကအဖြစ်သာ တာဝန်ပေးအပ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ဦးခွန်ဥက္ကာက PNLO မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နန်းယဉ်ယဉ်စိုးကလည်း ဗဟိုကော် မတီအစည်းအဝေး၌ အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း နှုတ်ဖြင့်တင်ပြခဲ့ကြောင်း သိရသည်။
PNLO က အဆိုပါနုတ်ထွက်မှုများကို ဗဟိုကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ခံခွင့်ပြုရန် မဆုံးဖြတ်ရသေးမီ ၎င်းတို့နှစ်ဦးက “PNLO NCA-S” အမည်ဖြင့် အဖွဲ့အစည်းအသစ်တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် PNLO ၏ ဖွဲ့ စည်း ပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဗဟိုကော်မတီက သုံးသပ်ဆုံးဖြတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ၎င်းတို့ကို စည်းကမ်းအရ အဖွဲ့ချုပ်မှ ထုတ်ပယ်ကြောင်းနှင့် စတုတ္ထအကြိမ်ညီလာခံတွင် အယူခံတင်ခွင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
“PNLO NCA-S အမည်ဖြင့် ထုတ်ပြန်သော စာတမ်းများ၊ ခန့်အပ်စာများ၊ ကိုယ်စားပြုစာများနှင့် အခြား ဆက်သွယ်ဆောင်ရွက်မှုများကို PNLO ၏ တရားဝင်သဘောထား သို့မဟုတ် တရားဝင်ကိုယ် စားပြုမှုအဖြစ် မမှတ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ PNLO သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီမိုကရေစီကျသော လုပ်ထုံးလုပ်နည်းများနှင့် ညီလာခံ၏ အမြင့်ဆုံးအာဏာကို အစဉ်လေးစားလိုက်နာလျက်ရှိပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်မှု၊ မူဝါဒများနှင့် အနာဂတ်ဦးတည်ချက်များကို ညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆက်လက်သတ်မှတ်သွားမည်ဖြစ်ပါသည်” ဟု PNLO က ထုတ်ပြန်ထားသည်။
ထို့ပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခွန်နေထူး (ခ) ခွန်နေပိုင်သည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ရာထူး၊ ဗိုလ်မှူးရာထူး၊ PNLO အဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်အဖြစ်မှ မိမိဆန္ဒအလျောက် အပြီး အပိုင်နုတ်ထွက်ကြောင်း တင်ပြခဲ့ပြီး ဗဟိုကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ဆုံးဖြတ်ကာ နုတ်ထွက်ခွင့်ပြုကြောင်း စာဖြင့်တရားဝင် အကြောင်းပြန်ထားပြီးဖြစ်ကြောင်း PNLO က ဆို သည်။
PNLO က မိမိတို့၏ ဆန္ဒအလျောက် နုတ်ထွက်သွားသူများနှင့် စည်းကမ်းအရ ထုတ်ပယ်ခံထားရသူ များသည် PNLO အမည်ကို အသုံးပြု၍ အဖွဲ့အစည်း သို့မဟုတ် တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးသဘောတူညီချက်များ ပြုလုပ်ခြင်း၊ ပြည်တွင်းနှင့် ပြည်ပတွင် PNLO ကို ကိုယ်စားပြုဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ပိုင်ခွင့် မရှိကြောင်း၊ ထို့ကြောင့် PNLO NCA-S သည် PNLO ကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်းမဟုတ်ကြောင်း အလေးအနက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ၂၀၀၉ ခုနှစ်၌ ပအိုဝ်းအမျိုးသားညီလာခံက PNLO ကို ဖွဲ့စည်းထူထောင်ပြီး ဖွဲ့ စည်း ပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ PNLO သည် ပုံမှန်ညီလာခံများ ကျင်းပကာ အဖွဲ့အစည်း၏ ခေါင်းဆောင်မှုကို ရွေးချယ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချ မှတ် အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း စတုတ္ထအကြိမ် PNLO ညီလာခံကို အမြန်ဆုံးကျင်းပနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် သတင်းမီဒီယာများအနေဖြင့် PNLO နှင့် သက်ဆိုင်သည့် တရားဝင်သတင်းအချက်အလက်များကို PNLO ညီ လာခံက ရွေး ကောက်တင်မြှောက်ထားသော ဗဟိုကော်မတီ၏ တရားဝင်ထုတ်ပြန်ချက်များအပေါ်တွင်သာ အခြေခံဆောင်ရွက်ကြရန် PNLO က တိုက်တွန်းထားသည်။




