ရန်ကုန်၊ ဇွန် ၃၀
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်း တိုက်နယ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး အဆာက်အအုံများ ပျက်စီးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်ချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား၊ ရဲများ ထိခိုက်မှုရှိကာ အဆောက်အအုံများ ပျက်စီးမှုရှိကြောင်း သိရသည်။
“သူက ပကစ ၁၅ ရဲ့ ကာကင်း စခန်ဖြစ်နေတာရယ်။ ရန်သူရဲ့ အတွင်းပိုင်း ဧရိယာဖြစ်နေတာရယ်။ အောင်လံ ကပစ ၁၅ ကို ကူးလမ်းဖြစ်နေတာကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ထိခိုက်သေဆုံးမှုနဲ့ အဆောက်အအုံပျက်စီးမှုရှိတယ်လို့ သိရပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ၄၀ မမ ၁၀ လုံး၊ မောင်းပြန် ၅ လက်နဲ့ဝင်ပစ်ခဲ့တာပါ” ဟု သရက်ခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၂ တပ်ရင်း ၊ တပ်ခွဲ ၂ Bravo စစ်ကြောင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အောင်လံမြို့တွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနေထိုင်ရာ ရုံး၊ ရဲစခန်း၊ အဆောက်အအုံများနှင့် ဝေးဝေးတွင် နေထိုင်ခြင်းဖြင့် တော်လှန်ရေးကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း တောင်းဆိုထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Taung Tha People Defense Force က ထုတ်ပြန်ထားသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မလှိုင်မြို့နယ်၊ ပန်းပေါင်းကျေးရွာရှိ ဘုရားကြီးတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက်စစ်တပ်ကို PDF Drone Team မှ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး .A PDF Drone Team နှင့် အတူ မလှိုင်မြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။




