ရန်ကုန်၊ ဇွန် ၃၀
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ ဗုံး ၆၀ ကျော်ထက်မနည်း ကျဲချ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များ ထံမှ သိရသည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီကျော်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၇ နာရီကျော်ခန့်ကလည်း တံတားဦးလေတပ်မှ တက်လာသော Y-12 ဗုံးကျဲ လေယာဥ်က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့အနီးရှိ ကျေးရွာ တစ်ရွာကို စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၇ နှစ်၊ ၈ နှစ်နှင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်ကာ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့ပေါ်မှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် အလယ်ဘုံကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်ကြောင်း ၂ ကြောင်းခွဲကာ ပုလဲမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် ချောင်းကန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရှိရသည်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်က အထိုင်ချတပ်စွဲကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူရောင်းစားနေသည့်အပြင် ၎င်းတို့စစ်ဆေးရေး ဂိတ်များကလည်း ကုန်စည်ပစ္စည်းများကို ငွေညှစ်ပိတ်ဆို့နေမှုများကြောင့် ၁ နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် မင်းတိုင်ပင်ရွာမှ ပြည်သူများ စားဝတ်နေရေး အလွန်ကြပ်တည်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လပိုင်းတွင် ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်သားနှင့် ရဲများသည် မင်းတိုင်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အထိုင်ချတပ်စွဲခဲ့ပြီး လက်ရှိချိန်အထိ စစ်တပ်က မင်းတိုင်ပင်ရွာအတွင်းရှိ အထိုင်ချတပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်များမှ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကိုပါ စိတ်ကြိုက် ဖြုတ်ခိုးယူပြီး ရောင်းစားနေကြ၍ ရွာလုံးကျွတ် ပြည်သူပိုင်နေအိမ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရသည်။
“မင်းတိုင်ပင်ရွာမှာက စစ်တပ်၊ ရဲ၊ ပျူရွာက ပျုတွေပါပေါင်းပြီး နေထိုင်ကြတပ်ဆွဲထားတော့ စစ်ရှောင်နေထိုင်ကြရတုန်းပါဘဲ။ စစ်ဘေးရှောင်လာတာ ၁ နှစ်ကျော်လာပါပြီ။ ပြည်သူတွေရဲ့ နေအိမ်တွေကတော့ သူတို့တွေ ဖြုတ်ခိုးယူရောင်းစားကြတာရော လူမနေတဲ့အတွက် ရာသီဥတု အခြေအနေတွေကြောင့် အားလုံးဟာ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ဘဝဟာ တစ်ကနေပြန်စတင်ရတော့မယ့် အနေအထားပါ။ ဒီအတိုင်းနဲ့ အရွေ့တခုကို မရောက်နိုင်ကြဘူးဆိုရင်တော့ စစ်ရှောင်နေကြရတဲ့ ပြည်သူလူထုဟာ လူမူရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်မှုအတွက် ခက်ခဲလွန်းကြပ်တည်းလွန်းတဲ့အချိန်ကာလတွေ ဘယ်လိုဖြတ်သန်းရမှန်း မသိအောင် ဖြစ်လာကြပြီ” ဟု မင်းတိုင်ပင်ရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မုံရွာမြို့ဘက်မှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များဘက်သို့ သွားလာမည့် ကုန်စည်နှင့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူများထံသို့ မရောက်ရှိနိုင်စေရန် နည်းမျိုးစုံဖြင့် ငွေညှစ်ကာ ပိတ်ဆို့တားဆီးမှုများ ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်က မုံရွာမြို့အထွက် အလုံလမ်းဆုံ သုံးထောင့်ချွန်းစစ်ဆေးရေးဂိတ်၊ ချင်းတွင်းမြစ်ကူးတံတားဂိတ်နှင့် အမှတ် ၂၈ ရဲတပ်ရင်းဂိတ်များတွင်လည်း လာသမျှ ကုန်တင်ကား၊ ကားငယ်နှင့် သုံးဘီးဆိုင်ကယ်များထံမှ စားသောက်ကုန်များကို စစ်သားနှင့် ရဲများက ငွေကြေးများကို အဆမတန် အတင်းအဓမ္မ တောင်းရမ်းငွေညှစ်နေကြကြောင်း သိရသည်။
“စစ်တပ်ဘက်က မုံရွာဘက်ကနေ အနောက်ဘက်ကမ်းက ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးဘက်သွားတဲ့ ကုန်စည်၊ စားသောက်ကုန်မှန်သမျှကို သယ်ယူလို့မနိုင်အောင် ပိတ်ပင်ထားတယ်။ မုံရွာအထွက် အလုံလမ်းဆုံ သုံးထောင့်ချွန်းစစ်ဆေးရေးဂိတ်ကနေ အနောက်ဘက်ကမ်းကို သွားမယ့် ကုန်တင်ကားကြီး ကားငယ်လေးပါမကျန် တင်းကြပ်စွာစစ်ဆေးတယ်။ ချင်းတွင်းတံတား စောင့်တဲ့ ရဲနဲ့စစ်တပ်ကလည်း လာသမျှကား သုံးဘီးဆိူင်ကယ်အစ စားသောက်ကုန်သယ်ယူပါလာရင် ငွေကြေးအဆမတန်တောင်းရမ်းကြပြန်တယ်။ နောက်ပြီး အမှတ် ၂၈ ရဲတပ်ရင်းတည်ရှိတဲ့နေရာကနေ လာသမျှ ကားတွေကို ငွေကြေး ကို တောင်းရမ်းနေကြတော့ သယ်ယူစရိတ်တွေဟာ မြင့်မားလွန်းတော့ ဒီဒေသကို စစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ ဖျက်ဆီးနေပြီး ပြည်သူကို ဖြတ်လေးဖြတ် လမ်းစဉ်နဲ့ လုပ်နေတယ် ထင်တယ်”ဟု မင်းတိုင်ပင်ရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ပုလဲမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယှက်ခြင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခြင်းနှင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ သယ်ယူရသည် လမ်းကြောင်းများကို တားဆီးဖြတ်တောက်ခြင်းကြောင့် ဒေသတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အရေးပေါ် အကူညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




