ရန်ကုန်၊ ဇူလိုင် ၂
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးမူဝါဒကို အရှိန်မြှင့် ဆောင်ရွက်နေမှု၏ နောက်ဆက်တွဲအဖြစ် ပြည်ပမှ တင်သွင်းနေသော စားအုန်းဆီပမာဏကို လျှော့ချလာပြီး စားအုန်းဆီခွဲတမ်းများကိုလည်း စတင်လျှော့ချလာရာ ရန်ကုန်တိုင်းအတွင်းရှိ အိမ်ထောင်စုအများအပြားမှာ တစ်လလျှင် စားအုန်းဆီ ၁ ပိဿာပင် မရရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဆီဖြန့်ဖြူးရေးလုပ်ငန်းနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ၏ ထက်ဝက်ကျော်ကို သုံးစွဲနေသည့် ဒေသဖြစ်ပြီး မြို့နယ် ၄၄ မြို့နယ်ရှိ လူဦးရေ ၈ သန်းခန့်အတွက် တစ်လလျှင် စားအုန်းဆီ တန်ချိန် ၁၄,၈၅၀ ခန့်၊ ပိဿာအားဖြင့် ၉ သန်းခန့်ကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
သို့သော် ပြီးခဲ့သည့် နှစ်လခန့်မှစ၍ ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြို့ဝင်ထွက်ဂိတ်များတွင် စားအုန်းဆီများ ဖမ်းဆီးရမိမှုများလည်း ပိုမိုများပြားလာခဲ့သည်။ ထို့အပြင် ပြည်သူများက အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ ပိဿာပင် မရရှိတော့ကြောင်း တိုင်ကြားမှုများ မြင့်တက်လာပြီးနောက် စစ်ကောင်စီလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် စားအုန်းဆီခွဲတမ်းများကို ပိုမိုလျှော့ချဖြန့်ဝေလာခြင်းဖြစ်ကြောင်း သိရသည်။
ဆီဖြန့်ဖြူးရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက “အခုဖြစ်နေတဲ့ ပြဿနာက ခွဲတမ်းကို လက်လီရောင်းတဲ့သူတွေ ကစားတာမဟုတ်ဘူး။ မြေပြင်မှာဆို ထွေအုပ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက အဓိက ကိုင်တွယ်နေတာ။ အပေါ်ပိုင်းမှာတော့ ကုမ္ပဏီကြီးတွေနဲ့ ဦးပိုင်အပါအဝင် တပ်ဘက်က လူတွေပဲ စီမံနေတာ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “လက်လီဆီရောင်းပေးရတဲ့သူတွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အဆင်မပြေရင် အတိုင်အတောခံရမှာစိုးလို့ သူတို့ပြောတဲ့အတိုင်း လုပ်ပေးနေရတယ်။ ကိုယ့်အတွက် နည်းနည်းကျန်အောင်လည်း လုပ်ကြရတာတွေ ရှိတယ်” ဟု ဆိုသည်။
လက်ရှိမြေပြင်တွင် ရပ်ကွက်တစ်ခုနှင့်တစ်ခုအကြား စားအုန်းဆီခွဲတမ်းဖြန့်ဝေမှုများမှာ မညီမျှမှုများ ရှိနေကြောင်းလည်း သိရသည်။
လက်ရှိ စားအုန်းဆီ တစ်ပိဿာလျှင် စစ်တပ်က သတ်မှတ်စျေး ၇၂၅၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ အနည်းဆုံးစျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဆီဖြန့်ဖြူးရေးလုပ်ငန်းနှင့် နီးစပ်သူက “တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအတွက် သီးသန့်ခွဲထားပြီး အရပ်သားတွေကိုတော့ ခွဲတမ်းရဲ့ ထက်ဝက်လောက်ပဲ ရောင်းပေးတာတွေ ရှိတယ်။ ရပ်ကွက်တချို့က အိမ်ထောင်စုစာရင်းကို အမှန်ထက် ပိုများအောင်တင်ပြီး ခွဲတမ်းပိုယူထားတယ်။ တကယ်ဖြန့်တော့ အိမ်ထောင်စုနည်းနည်းကိုပဲ ဖြန့်ပြီး ကျန်တာတွေကို ပြန်ရောင်းကြတာလည်း ရှိတယ်” ဟု ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ အများအပြား ရောက်ရှိနေသော်လည်း အိမ်ထောင်စုစာရင်းကို အခြေခံသည့် ခွဲတမ်းစနစ်ကြောင့် အချို့ရပ်ကွက်များတွင် ဧည့်စာရင်းများကိုပါ ထည့်သွင်း၍ ခွဲတမ်းတိုးရယူပြီး နောက်ပိုင်းတွင် စားသောက်ကုန်ထုတ်လုပ်သူများနှင့် ဆီအသုံးများသည့် လုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် အချို့ရပ်ကွက်များ၌ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၁ ပိဿာပင် မရရှိတော့ဘဲ ပေါင်အနည်းငယ်သာ ရရှိနေသည့် နေရာများပင် ရှိနေပြီး၊ အချို့ရပ်ကွက်များတွင်သာ ၁ ပိဿာဝန်းကျင် ရရှိနေကြောင်း၊ ယခင်က ရရှိခဲ့သည့် ၂ ပိဿာနှုန်းမှာ ရပ်ကွက်အများစုတွင် မရရှိတော့ကြောင်း ဆီဖြန့်ဖြူးရေးလုပ်ငန်းနှင့် နီးစပ်သူများက ပြောဆိုသည်။
၎င်းက “တချို့သူဌေးရပ်ကွက်တွေမှာ စားအုန်းဆီအသုံးနည်းတော့ စတိပဲထုတ်ယူပြီး ကျန်တာကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ ညှိပြီး အပြင်ဈေးကွက်မှာ ပြန်ရောင်းကြတာလည်း ရှိတယ်။ အခုလို ခွဲတမ်းထပ်လျှော့လာပြီး တစ်အိမ်ထောင်ကို ၁ ပိဿာတောင် မရတော့ရင် ရန်ကုန်လို လူဦးရေ ၈ သန်းလောက်ရှိတဲ့ မြို့မှာ စားသုံးဆီပြဿနာ ပိုပြီး ကြီးလာနိုင်တယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံခြားသုံးငွေ ထွက်ငွေကို လျှော့ချနိုင်ရန်အတွက် သွင်းကုန်အများအပြားအပေါ် ကန့်သတ်မှုများ ချမှတ်ထားပြီး ပြည်ပမှ တင်သွင်းရသည့် စားအုန်းဆီပမာဏကိုလည်း လျှော့ချနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှု လိုအပ်ချက်ပြည့်မီစေရန် နှစ်စဉ် စားအုန်းဆီ တန်ချိန် ၈ သိန်းမှ ၁ သန်းဝန်းကျင်အထိ တင်သွင်းနေရပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၆၀၀ ခန့် သုံးစွဲနေရသည်။
နိုင်ငံခြားငွေအရန် လျော့နည်းလာမှုကြောင့် စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ထပ်မံလျှော့ချရန်နှင့် ပြည်တွင်းဆီထွက်သီးနှံများကို အစားထိုးအသုံးပြုနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ယင်း၏ နောက်ဆက်တွဲအဖြစ် ပြည်သူများအတွက် စားအုန်းဆီရရှိမှု ပိုမိုခက်ခဲလာနေကြောင်း ဆီကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။




