ရန်ကုန်၊ ဇူလိုင် ၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသာယာကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်အလုံး ၆၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညပိုင်း လေဆင်နှာမောင်းက မိုးသက်လေပြင်းများနှင့်အတူ ရုတ်တရက် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး အချိန်တိုအတွင်း နေအိမ်အများအပြား၏ အမိုးများ လန်ထွက်ခြင်း၊ နေအိမ်အချို့ ပြိုကျခြင်းနှင့် သစ်ပင်များ လဲပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ည ၈ နာရီခွဲလောက်မှာ လေက ရုတ်တရက် အရမ်းပြင်းလာတယ်။ မိုးလည်းရွာ၊ လေကလည်း တအားကြမ်းတော့ အိမ်အမိုးတွေ လွင့်ကုန်တယ်။ တချို့အိမ်တွေဆို ပြိုကျသွားတယ်။ တစ်ရွာလုံးနီးပါး ထိတ်လန့်ပြီး ပြေးရှောင်ခဲ့ရတယ်” ဟု ကံသာယာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦးမှာလည်း ပျက်စီးသည့် အဆောက်အအုံအစိတ်အပိုင်းများ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။
“အိမ်ပျက်သွားတဲ့ မိသားစုတွေက နေစရာအခက်အခဲ ဖြစ်နေကြတယ်။ ဒဏ်ရာရတဲ့သူ နှစ်ယောက်လည်း ရှိပါတယ်။ အခုတော့ ရွာကလူတွေ အချင်းချင်း ကူညီပြီး အိမ်တွေ ပြန်ရှင်းနေကြပါတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒေသခံများက ပျက်စီးသွားသည့် နေအိမ်များကို ရှင်းလင်းခြင်းနှင့် ယာယီပြုပြင်ခြင်းများ ဆောင်ရွက်နေပြီး မိုးရာသီကာလဖြစ်သည့်အတွက် အမိုးလန်သွားသည့် နေအိမ်များတွင် နေထိုင်သူများ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။






