ရန်ကုန်၊ ဇူလိုင် ၅
မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်းများတွင် လူကုန်ကူးခံရပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခံခဲ့ရသူများမှာ လျှပ်စစ်ရှော့ခ်တိုက်ခံရခြင်း၊ နေပူထဲတွင် ရက်ပေါင်းများစွာ ချည်နှောင်ထားခံရခြင်း၊ “အမှောင်ခန်း” ဟုခေါ်သည့် ပြစ်ဒဏ်ပေးနေရာတွင် ပိတ်လှောင်ခံရခြင်းနှင့် မျက်စိရှေ့တွင် လူများ သတ်ဖြတ်ခံရခြင်းတို့အထိ ကြုံတွေ့ခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူများက ထုတ်ဖော်ပြောဆိုသည်။
ယူဂန်ဒါနိုင်ငံသား အသက် ၂၅ နှစ်အရွယ် မွီဆီဇီ ဂီဒီယွန် ဆော်လမွန် (Mwesezi Gideon Solomon) သည် ထိုင်းနိုင်ငံတွင် IT အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခံရပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ငွေလိမ်စခန်းသို့ လူကုန်ကူးခံခဲ့ရသူတစ်ဦးဖြစ်သည်။
၎င်းသည် မိသားစုကို ထောက်ပံ့နိုင်ရန် မျှော်လင့်ချက်ဖြင့် အိမ်ရှိပစ္စည်းများကို ရောင်းချကာ ဘန် ကောက်သို့ သွားရောက်ခဲ့သော်လည်း လေဆိပ်တွင် လာကြိုသူများက ထိုင်း-မြန်မာနယ်စပ်သို့ ခေါ်ဆောင်သွားပြီး သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ကရင်ပြည်နယ်အတွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော “တိုင်းချန်း” (Tai Chang) ကျားဖြန့်ငွေလိမ်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဂီဒီယွန်၏ ပြောကြားချက်အရ စခန်းသို့ ရောက်ရှိပြီးနောက် ငွေလိမ်လုပ်ငန်းတွင် မပါဝင်လိုကြောင်း ပြောဆိုခဲ့သဖြင့် တာဝန်ခံတစ်ဦးက အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားကာ လျှပ်စစ်ရှော့ခ်တိုက်ပြီး ထိုးကြိတ်ညှဉ်းပန်းခဲ့ကြောင်း သိရသည်။
“ကျွန်တော် အော်ဟစ်ငိုယိုနေပေမယ့် ဘေးကလူတွေက ဘာမှမပြောဘဲ ကြည့်နေကြတယ်။ အလုပ်မလုပ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု ဂီဒီယွန်က ပြောဆိုသည်။
အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ၎င်းသည် ငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် ပါဝင်လုပ်ကိုင်ခဲ့ရပြီး တစ်နေ့လျှင် လူ ၂၀၀ ခန့်ထံ AI ဖြင့် ကြိုတင်ရေးသားထားသည့် မက်ဆေ့ချ်များ ပေးပို့ရကြောင်း၊ လူ ၆၀ ခန့်နှင့် အနည်းဆုံး ဆက်သွယ်ရပြီး ယုံကြည်မှုတည်ဆောက်ကာ Cryptocurrency အပါအဝင် ရင်းနှီးမြှုပ်နှံမှုအမည်ခံ လိမ်လည်မှုများ ပြုလုပ်ခိုင်းကြောင်း ပြောသည်။
အလုပ်လုပ်နေစဉ် အိပ်ငိုက်ခြင်း၊ သတ်မှတ်ထားသည့် ငွေပမာဏ မပြည့်မီခြင်း သို့မဟုတ် မက်ဆေ့ချ်များ အချိန်မီ မပို့နိုင်ခြင်းတို့ ဖြစ်ပါက လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ နေပူပြင်းပြင်းအောက်တွင် လေ့ကျင့် ခန်းလုပ်ခိုင်းခြင်း စသည့် ပြစ်ဒဏ်များ ခံရကြောင်း သိရသည်။
ထို့အပြင် ထွက်ပြေးရန် ကြိုးစားသူများကို “အမှောင်ခန်း” ဟုခေါ်သည့် အမိုးမရှိသော ကွန်ကရစ်ကွင်းအတွင်း လက်ထိပ်ခတ်ကာ သံချိတ်များဖြင့် ရက်ပေါင်းများစွာ ချည်နှောင်ထားပြီး နေ့ဘက်တွင် နေပူဒဏ်၊ ညဘက်တွင် အအေးဒဏ်များကို ခံစားစေသည့် ပြစ်ဒဏ်များလည်း ပေးလေ့ရှိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်ကို ငါးရက်လောက် ချိတ်ထားတယ်။ နေ့ဘက်ဆို နေပူလောင်တယ်။ ညဘက်ဆို အရမ်းအေးတယ်။ သုံးရက်လောက်ရောက်တော့ စိတ်တောင် ဖောက်ပြန်မလို ဖြစ်လာတယ်” ဟု ဂီဒီယွန်က ပြန်ပြောင်းပြောဆိုသည်။
၎င်း၏ ဘေးတွင် ထိန်းသိမ်းခံထားရသည့် အီသီယိုးပီးယားနိုင်ငံသားတစ်ဦးမှာ အကူအညီတောင်းသဖြင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက သေဆုံးသည်အထိ ရိုက်နှက်သတ်ဖြတ်ခဲ့သည်ကိုလည်း မျက်မြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောသည်။
နောက်ပိုင်းတွင် ဂီဒီယွန်သည် အလုပ်ရှင်များ မသုံးတော့သည့် iPhone တစ်လုံးကို လျှို့ဝှက်ယူကာ WhatsApp မှတစ်ဆင့် မိသားစုထံ အကူအညီတောင်းခံနိုင်ခဲ့ပြီး ယူဂန်ဒါအစိုးရနှင့် သံတမန်များ၏ ကြိုးပမ်းမှုဖြင့် ၂၀၂၄ ခုနှစ် ဧပြီလတွင် ယူဂန်ဒါနိုင်ငံသား ၂၃ ဦးနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ အဆိုအရ အရှေ့တောင်အာရှရှိ ကျားဖြန့်ငွေလိမ်စခန်းများတွင် လစာကောင်းသည့် အလုပ်အကိုင်အမည်ဖြင့် နိုင်ငံပေါင်းစုံမှ လူများကို လူကုန်ကူးခေါ်ယူကာ တစ်နေ့လျှင် ၁၈ နာရီအထိ အတင်းအကျပ် အလုပ်လုပ်ခိုင်းပြီး လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ အစာဖြတ်ခြင်းနှင့် အမျိုးမျိုးသော လူမဆန်သည့် ပြစ်ဒဏ်များပေးလေ့ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ယူဂန်ဒါနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ဂီဒီယွန်သည် ၎င်းကြုံတွေ့ခဲ့သည့် အတွေ့ အကြုံများကို သီချင်းများအဖြစ် ရေးသားဖြန့်ဝေနေပြီး လူကုန်ကူးမှုများနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အန္တရာယ်ကို အများပြည်သူ သတိပြုနိုင်စေရန် အသိပညာပေး လုပ်ငန်းများ ဆောင် ရွက် လျက်ရှိကြောင်း သိရသည်။
ကိုးကား- The Telegraph






