ရန်ကုန်၊ ဇူလိုင် ၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းတွင် တော်လှန်ရေး အမည်ကို အလွဲသုံးစားပြု၍ ပြည်သူကို ဖမ်းဆီး၊ ခြိမ်းခြောက် ငွေညှစ်ကာ ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအမည်ကို အလွဲသုံးစားပြု၍ ပြည်သူများအား ဖမ်းဆီး ငွေတောင်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဖုန်းဖြင့် ခြိမ်းခြောက် ငွေညှစ်ခြင်း စသည့် ရာဇဝတ်မှုများကို အချို့သော အခွင့်အရေးသမား ရာဇဝတ်ဂိုဏ်းများက ကျူးလွန်လျက်ရှိသည်ကို စိစစ် တွေ့ရှိရကြောင်း၊ ယင်းလုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရုံမျှမက တော် လှန်ရေးအပေါ် ပြည်သူလူထု ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ် ကြောင်း အသိပေးထားသည်။
“ပြည်သူတွေအနေနဲ့ မိမိတို့ဆီ ဖုန်းဆက်ငွေတောင်းတာတွေရှိရင် ဖြစ်ဖြစ်၊ မိမိဆွေမျိုးတွေထဲက တစ်စုံတစ်ဦးကို အပြစ်မရှိပဲ ဖမ်းဆီး ပြန်ပေးဆွဲငွေတောင်းတာတွေရှိရင်ပဲဖြစ်ဖြစ် ကျနော်တို့ ညောင ဦးမြို့နယ် ပကဖ Page Messenger ကနေ အချိန်မဆွဲပဲ ချက်ချင်းဆက်သွယ်ပေးကြပါ၊ ဒါမှ အမြန် ဆုံးအရေးယူနိုင်မှာပါ၊ အချိန်ကြာမှ ဆက်သွယ်လာခဲ့ရင် တချို့က လက်လွန်သွားတာတွေဖြစ်မှာ စိုးလို့ပါ၊ အပြစ်မရှိတဲ့ ပြည်သူတွေသေတာ အရမ်းနှမြောဖို့ကောင်းပါတယ်။ ကျနော်တို့က ပြည်သူ ဘက်ကို အမြဲတမ်းမျက်နှာမူထားတဲ့သူပါ၊” ဟု ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် NUG အစိုးရ၏ ဂုဏ်သိက္ခာနှင့် ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် တော်လှန်ရေးအမည်ခံကာ ပြည်သူအပေါ် ရာဇဝတ်မှု ကျူးလွန်နေသူ မည်သူ့ကိုမဆို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ တည်ဆဲဥပဒေများ၊ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ ဖမ်းဆီး အရေးယူသွားမည်ကြောင်း အသိပေး ထားသည်။
ထို့အပြင် အစိုးရ၏ လမ်းညွှန်ချက်များကို ဖောက်ဖျက်ပြီး ပြည်သူကို ဒုက္ခပေးနေသော အဖွဲ့အစည်း/ လူပုဂ္ဂိုလ် မှန်သမျှ သည် စစ်အာဏာရှင်နည်းတူ တော်လှန်ရေးနှင့် ပြည်သူလူထု၏ ဘုံရန်သူ” သာ ဖြစ်သောကြောင့် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။
သို့ဖြစ်ပါ၍ မြေပြင်တွင် တရားဥပဒေစိုးမိုးရေးအတွက် ဤကဲ့သို့သော စည်းကမ်းမဲ့ ရာဇဝတ် ဂိုဏ်းများကို နှိမ်နင်း ဖမ်းဆီး သည့်အခါ မိဘပြည်သူများအနေဖြင့် တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူ့အပေါ်ပြစ်မှု ကျူးလွန်သည့် ရာဇဝတ်သားများကို အရေးယူ ခြင်း ဟုသာ သဘောပေါက် နားလည် ပေးစေကြောင်း၊ အခြား ဒေသမှ ပြည်သူများ သတင်းအမှား များကြောင့် အထင် အမြင်လွဲမှားမှု မရှိစေရန် အခြေအနေမှန်ကို ပွင့်လင်း မြင်သာစွာ တင်ပြရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်ရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများသည် မိဘပြည်သူများ၏ အသက်အိုးအိမ် စည်း စိမ်ကို ကာကွယ်ရန် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်စံနှုန်းများ (Code of Conduct)ကို အလေးအနက် လိုက်နာ စောင့်ထိန်းလျက်ရှိကြောင်း အသိပေးထားသည်။
“တော်လှန်ရေး အမည်ခံထားတော့ ဖမ်းဆီးအရေးယူတဲ့နေရာမှာ ပြည်သူတွေ အထင်အမြင်လွဲမှာ စိုးလို့ပါ၊ မြေပြင်ညောင်ဦးမြို့နယ်ထဲက ပြည်သူတွေကတော့ အပြစ်ရှိလို့ ဖမ်းတယ်ဆိုတာ သဘော ပေါက်နားလည်ကြပေမယ့် တချို့ညောင်ဦးမြို့နယ်ထဲက မဟုတ်တဲ့ ပြည်သူတွေကကျတော့ PDF အချင်းချင်း ဖမ်းတယ်၊ အချင်းချင်းကလုပ်ကြတယ် ပြောမှာစိုးလို့ ပြည်သူတွေကို အလေးထားပြီး ရှင်း ပြပေးတာပါ။” ဟု ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက ရှင်းပြသည်။




