ရန်ကုန်၊ ဇူလိုင် ၆
အာဏာရှင်ဟောင်း နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်း ဦးဆောင်သည့် Omni Focus ကုမ္ပဏီက ဧရာဝတီဘဏ် (AYA Bank) ထံမှ YBS ယာဉ်အစီးရေ ၅၀၀ အတွက် ချေးယူထားသော ငွေကျပ်ဘီလီယံ ၅၀ ကျော်ကို ပြန်လည်ပေးဆပ်ရန် တရားရုံးက အမိန့်ချထားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့် ရှုံးနိမ့်ခဲ့သော်လည်း အကြွေးမဆပ်ဘဲ တိမ်းရှောင်နေကြောင်း သိရှိရသည်။
ယနေ့အချိန်အထိ အကြွေးပြန်မဆပ်သည့် အာဏာရှင်ဟောင်း နေဝင်းမြေးများမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ အကာအကွယ်ဖြင့် ဥပဒေမဲ့လုပ်ဆောင်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း စုံစမ်းသိရှိရသည်။
Omni Focus ကုမ္ပဏီက လွန်ခဲ့သည့် ၁၀ နှစ်နီးပါးကတည်းက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်အစီးရေ ၅၀၀ ကျော်အတွက် ဧရာဝတီဘဏ်ထံမှ ချေးငွေရယူခဲ့သော် လည်း ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ လုပ်ငန်းများကို တရားမဝင် ဆက် လက် လည်ပတ်နေဆဲဖြစ်သည်။
ထို့ပြင် Omni Focus ကုမ္ပဏီက အကြွေးဖြင့် ဝယ်ယူထားသော YBS ယာဉ်များကို ဆက်လက်ပြေးဆွဲနေစဉ် သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကို လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းများ ရှိနေပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်ငွေများကို မပေးဆောင်ဘဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆယ်စုနှစ်တစ်ခုနီးပါး ဆက်လက်လုပ်ကိုင်နေသည်။
AYA Bank က ချေးငွေပြန်လည်ရရှိရေးအတွက် တရားစွဲဆိုခဲ့ရာ Omni Focus ဘက်က အမှုကို အချိန်ဆွဲနိုင်ရန် အယူခံအဆင့်ဆင့် တက်ရောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရှုံးနိမ့်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှုအမှတ် ၃၀၁၊ ၃၁၂၊ ၃၁၃၊ ၃၁၄ နှင့် ၃၁၅ တို့ဖြင့် ထပ်မံအယူခံဝင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က Omni Focus ကုမ္ပဏီ၏ အယူခံအားလုံးကို ပယ်ချခဲ့သည်။
ထို့ကြောင့် Omni Focus ကုမ္ပဏီက ဘဏ်ကြွေးမြီအမှုတွင် အပြီးသတ်ရှုံးနိမ့်ခဲ့ပြီး ချေးငွေများကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ AYA Bank က တရားစွဲဆိုအနိုင်ရရှိထားသော်လည်း Omni Focus ကုမ္ပဏီက ငွေကြေးပြန်လည်ပေးဆပ်ခြင်းမရှိဘဲ ရှောင်လွှဲနေဆဲဖြစ်သည်ဟု သိရှိရသည်။
Omni Focus ကုမ္ပဏီ၏ ချေးငွေဖြင့် ဝယ်ယူထားသော YBS ယာဉ်ရာပေါင်းများစွာမှာလည်း ယာဉ်ပိုင်ဆိုင်မှုစာအုပ် (Owner Book) မရရှိ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် ယာဉ်လိုင်စင်သက်တမ်း တိုးခွင့်မရရှိဘဲ လိုင်စင်မဲ့ယာဉ်များအဖြစ် ရှိနေသည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTC) ဥက္ကဋ္ဌ ချစ်ကိုကိုသည် ကျော်နေဝင်းနှင့် ဂေါက်သီးရိုက်ဖော်ရိုက်ဖက်များဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများကြောင့် Omni Focus ကုမ္ပဏီကို ဥပဒေအထက်တွင် ရှိနေစေကာ လိုင် စင် သက်တမ်းကုန်ဆုံးနေသည့် YBS ယာဉ်များကို ရန်ကုန်မြို့တွင် YRTC က ဆက်လက်ပြေးဆွဲခွင့်ပြုထားကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ထို့အတူ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ယခင် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်ကတည်းက ကျော်နေဝင်းနှင့် နီးစပ်သော ဆက်ဆံရေးရှိခဲ့ပြီး Golf Set များနှင့် ဂေါက်သီးရိုက်ပစ္စည်းများ အပါအဝင် တန်ဖိုးကြီး လက်ဆောင်အမျိုးမျိုး အာဏာရှင်ဟောင်း နေဝင်းမိသားစုထံမှ ရယူခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ယင်းဆက်ဆံရေးများကြောင့် လိုင်စင်မဲ့ Omni Focus YBS ယာဉ်များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူဖမ်းဆီးခြင်း မပြုလုပ်ရဲကြကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင် Omni Focus ပိုင် YBS ယာဉ်များ လမ်းပေါ်တွင် ဆက်လက်ပြေးဆွဲနိုင်ခြင်းမှာ စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့ (CNG) ဆက်လက်ထောက်ပံ့ပေးနေခြင်းကြောင့်ဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနက လိုင်စင်သက်တမ်းမရှိသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှစတင်၍ CNG ထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်း ကြေညာထားသည်။
သို့သော် အာဏာရှင်ဟောင်း နေဝင်း၏ မြေးများပိုင် Omni Focus ကုမ္ပဏီသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ၏ အကာအကွယ်ကို ရယူထားသော ကြောင့် ကျော်နေဝင်းပိုင် လိုင်စင်မဲ့ YBS ယာဉ်များကို အမှန်တကယ် ဥပဒေအတိုင်း အရေးယူခြင်း၊ CNG ဖြတ်တောက်ခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည့် အခြေ အနေ ရှိနေကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။





