ရန်ကုန်၊ ဇူလိုင် ၆
သြစတြေးလျနိုင်ငံသို့ ဘိန်းဖြူများ သယ်ဆောင်သွားမှုဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်မယ် မီနာ (Ms. Mina) အမှုတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) က ထုတ်ပြန်လိုက်သည်။
ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးဖြစ်သည့် မီနာသည် ဇွန်လ ၂၅ ရက်နေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်း သယ်ဆောင်လာသည့် ထိုင်းရိုးရာဆင်ရုပ်ပုံပါ လက်ဆွဲအိတ် ၁၂ လုံးအနက် တစ်လုံးအတွင်းမှ ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော်ကို သြစတြေးလျရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါဘိန်းဖြူများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး နယ်စပ်စစ်ဆေးရေးများကို ရှောင်ရှားနိုင်ရန် လာအိုနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ မှောင်ခိုသယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းမူးယစ်ဆေးဝါးများကို လေယာဉ်မယ်ထံ ပို့ဆောင်ပေးခဲ့သူဟု စွပ်စွဲခံထားရသည့် ဥထိုင်း ခါနာပီဝတ် (Uthai Khanapiwat) ကို ဖိဿနုလောက်ပြည်နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ဇွန်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ လေယာဉ်မယ်၏ ကွန်ဒိုသို့ လက်ဆွဲအိတ်များနှင့် မူးယစ်ဆေးဝါးများ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
ထို့ပြင် ယခင်ကလည်း အလားတူ မူးယစ်ဆေးဝါးများကို သုံးကြိမ်အထိ သယ်ဆောင်ပို့ဆောင်ပေးခဲ့ဖူးကြောင်း ဥထိုင်းက ထွက်ဆိုထားသည်ဟု သိရသည်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အဆိုအရ မဲလ်ဘုန်းလေဆိပ်တွင် လေယာဉ်မယ် ဖမ်းဆီးခံရသည့် သတင်းထွက်ပေါ်ပြီးနောက် ဥထိုင်းသည် ၎င်း၏ လက်ကိုင်ဖုန်းကို ချက်ချင်းလဲလှယ်ခဲ့သည့်အပြင် လက်ဝယ်ကျန်ရှိသည့် မူးယစ်ဆေးဝါးများကိုလည်း အလျင်အမြန် ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့် ဥထိုင်း၏ ထွက်ဆိုချက်အချို့အပေါ် ရဲတပ်ဖွဲ့က သံသယရှိနေပြီး မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ထိုင်းနှင့် သြစတြေးလျနိုင်ငံတို့၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များက အဆိုပါ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကို ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းစုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




