27 C
Yangon

မုံရွာ နမခမှ တပ်မ ၃၃ သို့ သွားသည့် စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူနေသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ သွားရောက်သည့် စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ်တန်းအတွက် စစ်ကိုင်းမြို့၊ ကုန်းရွာကျေးရွာထိပ် ဆည်မြောင်းဘောင်အနီး၌ လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်းရွာကျေးရွာမှ ပြည်သူပိုင် Light Truck ယာဉ်တစ်စီးကို အသုံးပြုကာ မိုင်းထိမှန်ခဲ့သည့် စစ်သားများကို စစ်ကိုင်းမြို့အတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း၊ မိုင်းထိမှန်သူများမှာ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်မှုများနှင့် ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင်နေသည်ဟုဆိုသည့် ပျူစောထီးခေါင်းဆောင် ဝေပုလ္လ၏ နောက်လိုက် ၂ ဦးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။

“စစ်သား ၂ ယောက် သေပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ စစ်ယာဉ်တန်း ထိခိုက်ပျက်စီးမှုတော့ မသိရသေးပါဘူး။ ယာဉ်တန်းအတွက် လုံခြုံရေးယူဖို့ ရောက်လာတဲ့ စစ်သားတွေ မိုင်းပွိုင့်ထဲ ဝင်လာချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မိုင်းပွိုင့်တစ်ခုတည်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့အဖွဲ့အတွက် ကျည်နဲ့ ခဲယမ်းဝယ်ယူနိုင်ရေးကို ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပြည်သူလူထုဘက်တွင် အစဉ်ရပ်တည်ကာ စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- မိုင်းဆွဲတိုက်ခိုက်ခံထားရသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article