ရန်ကုန်၊ ဇူလိုင် ၈
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံတွင် တရုတ်နိုင်ငံသား စက်ပြင်ပညာရှင်တစ်ဦးက အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည့်အမှုကို ရွှေပြည်သာမြို့နယ်တရားရုံးက တရားစွဲဆိုရန်မသင့်ဟုဆိုကာ ပယ်ချ လိုက်ကြောင်း Solidarity of Trade Union Myanmar အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က True Green City စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေစဉ် တရုတ်နိုင်ငံသား စက်ပြင်ပညာရှင် “ကျဲကျဲ” ဆိုသူက စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီး၏ နောက်ကျောအား မာကျောသောအရာဝတ္ထုဖြင့် ရိုက်နှက်ခြင်း၊ ဆောင့်တွန်းသဖြင့် လဲကျသွားချိန်တွင် ပလပ်စတစ်အိတ်ဖြင့် ထပ်မံရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် မတ်လ ၁၂ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရိုက်နှက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ အမှုအမှတ် (ရာဇသတ်ကြီး- ၁၃၃/၂၆) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် ရုံးချိန်း၌ တရားသူကြီးက တရားစွဲဆိုရန်မသင့်ဟုဆိုကာ ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သေသေချာချာ မပြောနိုင်တာက ဘာလဲဆိုရင် တရားရုံး အမိန့်က လက်ထဲကို မရောက်သေးဘူး။ မိတ္တူကူးထားတုန်းပဲရှိသေးတယ်။ ပလပ်တယ်လို့သာပြောတာ ဘယ်လိုအချက်တွေကို ထောက်ရှု့ပြီးတော့ ပလပ်တယ်ဆိုတာ မသိသေးဘူး။ CCTV မှတ်တမ်းကိုပဲ သေချာမမြင်ရဘူးဆိုပြီး သုံးသပ်တာလား။ ဘယ်အပေါ်မှာ သုံးသပ်လိုက်တာလည်းဆိုတာ ပြောဖို့စောသေးတယ်ပေါ့။ သူတို့ဆီက တရားရုံးမှတ်ချက်ထွက်လာမှ သေသေချာချာ လုပ်ရမှာ” ဟု Solidarity of Trade Union Myanmar အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ယခုအမှုတွင် ကျူးလွန်မှု ထင်ရှားစေသည့် CCTV မှတ်တမ်းသက်သေ ရှိနေသည့်အပြင် နစ်နာသူဘက်က အလုပ်သမားသက်သေများ တင်သွင်းထားခဲ့သော်လည်း စစ်ဆေးသည့်ကာလအတွင်း သက်သေအချို့ ပယ်ချခံရခြင်း၊ ကျန်ရှိသည့် အလုပ်သမားသက်သေများမှာလည်း ရုံးချိန်းထွက်ဆိုရမည့်ရက်များတွင် အကြောင်းအမျိုးမျိုးပြ၍ လာရောက်ခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် အလုပ်မှထွက်သွားကြခြင်းများကြောင့် သက်သေတစ်ဦးသာ လာရောက်ထွက်ဆိုနိုင်ခဲ့သည်။
အမှုနှင့် ပတ်သက်၍ ဥပဒေရေးရာ ကူညီပေးနေသူ၏ ပြောကြားချက်အရ ဦးတိုက်အမှု စတင်စွဲဆိုစဉ်က သက်သေ (၃) ဦး တင်ပြခဲ့သော်လည်း လက်တွေ့တွင် သက်သေ (၁) ဦးသာ လာရောက်ထွက်ဆိုနိုင်ခဲ့ကြောင်း၊ တရားလိုဖြစ်သူက တရားရုံးသို့ တင်သွင်းထားသော CCTV မှတ်တမ်းကို တရားရုံးက သေသေချာချာ ကြည့်ရှုသုံးသပ်ခဲ့ခြင်းမရှိဘဲ အမှုကို ပယ်ချခဲ့ခြင်းအပေါ် မကျေနပ်သဖြင့် အထက်တရားရုံးသို့ ပြင်ဆင်မှု သို့မဟုတ် အယူခံ ဆက်လက်တက်ရောက်သင့်ကြောင်း သုံးသပ်အကြံပြုထားသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (EC စာချုပ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် သက်သေအထင်အရှားရှိပါလျက် မြို့နယ်တရားရုံးက အမှုအား ပယ်ချလိုက်ခြင်းအပေါ် နစ်နာသူ အလုပ်သမားသမဂ္ဂအတွင်းရေးမှူးနှင့် အလုပ်သမားများဘက်က ကျေနပ်မှုမရှိဘဲ တရားမျှတမှု ရရှိရေးအတွက် အထက်တရားရုံးသို့ အယူခံ (Appeal) နှင့် ပြင်ဆင်မှုများ ဆက်လက်တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“အလုပ်ရှင် အလုပ်သမားနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးရတဲ့ EC စာချုပ်မှာ လုပ်ငန်းရှင်ဘက်က ကိုယ်ထိလက်ရောက် မကျူးလွန်ရဘူး အချက်တွေပါတယ်။ ပြီးရင် အလုပ်သမား ဥပဒေမှာ နိုင်ငံခြားသား၊ ပညာရှင်၊ လုပ်ငန်းရှင်၊ မန်နေဂျာ၊ စက်ရုံမှူးတွေက မြန်မာ အလုပ်သမားတွေကို တိုက်ရိုက် ကြီးကြပ် ကွပ်ကဲလို့ မရဘူး။ မြန်မာဝန်ထမ်း တစ်ဦးထားပြီးတော့ မြန်မာဝန်ထမ်းကနေ တစ်ဆင့်ပြောရတယ်ပေါ့။ အခုကိစ္စမှာ အဲလိုအဆင့်ကို ကျော်ပြီးတော့ ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်ပေါ့။ တကယ်တော့ တရားရုံကို အလုပ်သမားက သွားစရာတောင်မလိုဘူး။ အလုပ်သမားဝန်ကြီးဌာနဘက်က အလုပ်သမားဦးစီးဌာနညွှန်ကြားမှုဘက်က ဒါကို အရေးယူရမှာပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမား အက်ဥပဒေ အရလည်း ဒီနည်းပညာရှင်ကို အရေးယူရမှာပေါ့။ အခုကမယူဘူး။ တရားရုံထိသွားရတာပေါ့။ CCTV မှတ်တမ်းက အလည ရုံးမှာလည်း ပြခဲ့တယ်။ ပြီးရင် ရဲစခန်းမှာလည်း အဲ့ဒီ CCTV မှတ်တမ်းကိုကြည့်ပြီးတော့ ရဲက အမှုဖွင့်ခဲ့တာ တရားရုံးမှာကျတော့ ဒါတွေကို လျစ်လျူရှု့ခဲ့တယ်” ဟုSolidarity of Trade Union Myanmar အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။




