ရန်ကုန်၊ ဇူလိုင် ၉
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း ယောဒေသတို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော်ရှိနေပြီး မိုးရာသီအတွင်း တုပ်ကွေးရောဂါများ ဖြစ်ပွားနေသည့်အတွက် အရေးပေါ်ဆေးဝါးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူများထံမှ သိရှိရသည်။
စစ်တပ်က ၂၀၂၆ ခုနှစ် မေလလယ်ပိုင်းမှစတင်၍ ယောဒေသအတွင်း စစ်အင်အားအများအပြား ထပ်မံဖြည့်တင်းခဲ့ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ စစ်ကြောင်းနှစ်ကြောင်း၊ ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၅,၀၀၀ ခန့်အထိ ရှိလာခဲ့ကြောင်း ဆိုသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက စစ်ဘေးရှောင်ပြည်သူများမှာ အလွန်ခက်ခဲသော အခြေအနေများဖြင့် ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ ယာယီခိုလှုံရာများတွင် မိုးလုံလောက်စွာ မရရှိခြင်း၊ မိုးရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားလာခြင်းတို့ကြောင့် ကျန်းမာရေးနှင့် စားဝတ်နေရေးအခက်အခဲများ ပိုမိုကြီးမားလာကြောင်း ပြောသည်။
၎င်းက “ပြည်သူတွေက ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနဲ့ အငတ်ငတ်အပြတ်ပြတ် စစ်ရှောင်နေကြရတယ်။ မိုးရာသီတုပ်ကွေးတွေဖြစ်၊ အမိုးအကာမလုံ၊ ရိက္ခာလည်း မလုံလောက်ဘူး။ အကူအညီပေးပို့ဖို့ လမ်းကြောင်းတွေကလည်း ပိတ်ဆို့ထားတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝက အလွန်သနားစရာဖြစ်နေတယ်။ ကလေးတွေ ပညာမသင်နိုင်ကြသလို အသက်ရှင်သန်နိုင်ဖို့ကိုပဲ နေ့စဉ်ရုန်းကန်နေကြရတယ်။ လေယာဉ်နဲ့လည်း နေ့တိုင်းလိုလို ဗုံးကျဲတိုက်ခိုက်နေတယ်” ဟု ပြောကြားသည်။
စစ်ဘေးရှောင်ပြည်သူများသည် လုံခြုံရေးအခြေအနေကြောင့် မိမိတို့၏ လယ်ယာလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် စားနပ်ရိက္ခာရှားပါးမှုနှင့် ကျန်းမာရေးပြဿနာများကို တစ်ပြိုင်နက် ရင်ဆိုင်နေရကြောင်း သိရသည်။
အထူးသဖြင့် မိုးရာသီအတွင်း တုပ်ကွေးရောဂါများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသဖြင့် အရေးပေါ်ဆေးဝါးများ၊ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများနှင့် အခြားလူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များနှင့် မိဘပြည်သူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူအညီများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် စစ်ဘေးရှောင်များကို ကူညီပေးနေသူများက မေတ္တာရပ်ခံထားသည်။
တစ်ဖက်တွင်လည်း တိုက်ပွဲများအတွင်း ထိခိုက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ဇူလိုင် ၉ ရက် နံနက် ၁၁ နာရီ ၈ မိနစ်နှင့် ၁၁ နာရီ ၁၂ မိနစ်တို့တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် မင်းတပ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ နေရာတစ်ခုကို နှစ်ကြိမ်တိုင်တိုင် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။





