25.1 C
Yangon

သရက်မြို့အဝင်ဂိတ်တွင် စစ်တပ်က မင်းတုန်းမြို့နယ်မှ ညီအစ်မ ၄ ဦးကို ဖမ်းဆီးပြီး ၃ ရက်ကျော် ကြာသည်အထိ ပြန်မလွှတ်ပေးသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့်မပေး

Must read

ရန်ကုန်၊ ဇူလိုင် ၉

မကွေးတိုင်း၊ သရက်မြို့အဝင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက မင်းတုန်းမြို့နယ်မှ ညီအစ်မ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်ကျော်ကြာသည်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့်မပေးကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်၏ ဖမ်းဆီးမှုခံရသော အဆိုပါ အမျိုးသမီး ၄ ဦးသည် မင်းတုန်းမြို့နယ်မှဖြစ်ပြီး သရက်မြို့အတွင်းရှိ အသိမိတ်ဆွေတစ်ဦးထံသို့ ဆိုင်ကယ်များဖြင့် သွားရောက်စဉ် သရက်မြို့အဝင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မပန်းဝေလှိုင် (အသက် ၂၇ နှစ်)၊ မဝင်းဝင်းမော် (အသက် ၂၅ နှစ်)၊ မအိဖြူ (အသက် ၁၉ နှစ်ခန့်) နှင့် မငယ်ပု (အသက် ၃၅ နှစ်ခန့်) တို့ဖြစ်ပြီး အားလုံးမှာ တစ်ရွာတည်းနေသူများနှင့် ဆွေမျိုးတော်စပ်သူ ညီအစ်မများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် မပန်းဝေလှိုင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် သရက်မြို့ရှိ အသိမိတ်ဆွေတစ်ဦးက သွားရောက်စုံစမ်းခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း၊ ငွေကြေးဖြင့် ရွေးယူနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာတွင်လည်း ရွေးယူရမည့် အခြေအနေမဟုတ်ကြောင်းသာ ပြန်လည်ပြောဆိုခဲ့ပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဆိုသည်။

ဖမ်းဆီးခံရပြီးစပိုင်းတွင် တာဝန်ရှိစစ်တပ်အရာရှိတစ်ဦးက ၂ ညခန့်သာ ထိန်းသိမ်းထားပြီး ပြန်လည်လွှတ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိတွင် ၃ ရက်ကျော်ကြာမြင့်လာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

ဓာတ်ပုံ- ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၄ ဦးအနက်မှ ၃ ဦးကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article