ရန်ကုန်၊ ဇူလိုင် ၉
ရခိုင်ပြည်နယ်မှ ထွက်ပြေးလာရသော ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ခံမှု ဖော်ဆောင်ရေး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို ယခုသီတင်းပတ်အတွင်း အတည်ပြုလိုက်ပြီး ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံမှု ဖော်ဆောင်ရေး၊ ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေး ပြန်လည်ရရှိရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို ထပ်မံတောင်းဆိုလိုက်သည်။
ယင်းဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာအရေးသည် ယခင်ကထက် ပိုမိုရှုပ်ထွေးလာကြောင်းကိုလည်း ထောက် ပြထားပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယာယီအရေးပေါ်အစီအမံများ ချမှတ်ထားသော်လည်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း၊ နယ်စပ်ဒေသမတည်ငြိမ်မှုများနှင့် လူသားချင်းစာနာထောက်ထားရေး ရန်ပုံငွေများ လျော့နည်းလာခြင်းတို့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်မှုများရှိလာကြောင်း သိရှိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ၂၀၀၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ် ချက်ပေါင်း ၄၀ ကျော် ချမှတ်ခဲ့ပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်း သားလူနည်းစုများ၏ အခြေအနေကို အဓိကထား ဆွေးနွေးထားခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-Finding Mission) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar-IIMM) ကို ထပ်မံဖွဲ့စည်းကာ နောင်တွင် တရားစွဲဆိုနိုင်ရေးအတွက် သက်သေအထောက်အထားများ စုဆောင်းထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ယင်းလုပ်ဆောင်မှုများကြောင့် ရိုဟင်ဂျာအရေးသည် ယခင်က လျစ်လျူရှုခံရသည့် လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတစ်ခုမှ ကမ္ဘာပေါ်တွင် အထောက်အထားအပြည့်စုံဆုံး မှတ်တမ်းတင်ထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုများအနက် တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။
ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးသဘော တူစာချုပ် (Genocide Convention) ချိုးဖောက်မှုဖြင့် ICJ တွင် အမှုဖွင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ်တရားရုံး (ICC) ကလည်း ရိုဟင်ဂျာများအား အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် ICC က ဖမ်းဝရမ်းလျှောက်ထားမှုများ ဆက်လက်ဆောင် ရွက်ခဲ့သည့်အပြင် အာဂျင်တီးနားနိုင်ငံကလည်း ၂၀၂၅ ခုနှစ်တွင် Universal Jurisdiction ဥပဒေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ် ထိပ်တန်းတာဝန်ရှိသူများကို ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှုများဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ခဲ့သည်။
သို့သော် နိုင်ငံတကာအဆင့်တွင် တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များ တိုးတက်လာနေသော် လည်း ရိုဟင်ဂျာများ၏ လက်တွေ့ဘဝအခြေအနေမှာ သိသာထင်ရှားသည့် တိုးတက်မှု မရှိသေးကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြထားသည်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် ဖိနှိပ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆယ်စုနှစ်နီးပါး ကြာမြင့်လာသော်လည်း ရိုဟင်ဂျာ တစ်သန်းကျော်မှာ နေရပ်စွန့်ခွာနေရဆဲဖြစ်ပြီး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မည့် အခြေအနေများ မရှိသေးသလို ဒုက္ခသည်များကို လက်ခံထားသည့် နိုင်ငံများတွင်လည်း နိုင်ငံရေးထောက်ခံမှုများ တဖြည်းဖြည်း လျော့နည်းလာနေကြောင်း သိရှိရသည်။
ယင်းအခြေအနေသည် ရိုဟင်ဂျာအရေး၏ အဓိကစိန်ခေါ်မှုသည် မြန်မာနိုင်ငံအတွင်း၌သာ မဟုတ်တော့ဘဲ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများအပေါ် ပိုမိုမူတည်လာကြောင်းကို ပြသနေသည်ဟု သုံးသပ်မှုများရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို ဆယ်စုနှစ်နီးပါး လက်ခံထားရပြီးနောက် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လျော့နည်းလာခြင်း၊ ဒုက္ခသည်စခန်းများ၏ အခြေအနေ ဆိုးရွားလာခြင်းနှင့် ဒေသခံများနှင့် တင်းမာမှုများ မြင့်တက်လာခြင်းတို့ကြောင့် ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရန် ဖိအားများ မြင့်တက်လာနေကြောင်း သိရှိရသည်။
သို့သော် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်သည့် အခြေအနေ မရှိသေးပေ။
အလားတူ မလေးရှားနိုင်ငံတွင် စီးပွားရေးအခက်အခဲများ၊ သတင်းအမှားများနှင့် ရိုဟင်ဂျာများအပေါ် ထောက်ခံအားပေးမှု လျော့နည်းလာခြင်းတို့ကြောင့် ဒုက္ခသည်များအပေါ် အမြင်ဆိုးများ တိုးပွားလာနေပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း လူကုန်ကူးမှုပြဿနာများ၊ အရင်းအမြစ်ရှားပါးမှုနှင့် အွန်လိုင်းသတင်းအမှားများကြောင့် ယခင်ကရှိခဲ့သည့် လူသားချင်းစာနာထောက်ထားရေး စိတ်ဓာတ်များ အားနည်းလာကြောင်း လေ့လာသုံးသပ်သူတချို့က ဆိုသည်။
ထိုင်းနိုင်ငံတွင်လည်း ရိုဟင်ဂျာများကို ဒုက္ခသည်များအဖြစ်ထက် နယ်စပ်လုံခြုံရေး၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုနှင့် လူကုန်ကူးမှုပြဿနာများအဖြစ်သာ ပိုမိုရှုမြင်လာသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပင်လယ်ပြင်မှ ပြန်လည်မောင်းထုတ်ခြင်းကဲ့သို့သော မူဝါဒများကို ပိုမိုကျင့်သုံးလာကြောင်း သိရသည်။
လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လုပ်ဆောင်မှုများကြောင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများကို သမိုင်းထဲတွင် ပျောက်ကွယ်မသွားစေရန် မှတ်တမ်းတင်နိုင်ခဲ့ပြီး တရားမျှတမှုဖော်ဆောင်ရေးအတွက် ခိုင်မာသည့် အခြေခံများ တည်ဆောက်နိုင်ခဲ့သော်လည်း ရိုဟင်ဂျာများကို ရေရှည်ကာကွယ်ပေးနိုင်မည့် ဒေသတွင်း နိုင်ငံရေးဆန္ဒနှင့် ပူးပေါင်းဆောင်ရွက်မှုကို မဖန်တီးနိုင်သေးကြောင်း သုံးသပ်မှုများရှိနေသည်။
ထို့ကြောင့် အနာဂတ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ရိုဟင်ဂျာအရေး လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် တာဝန်ခံမှု ဖော်ဆောင်ရေးတွင်သာ မရပ်တန့်ဘဲ ဒုက္ခသည်များကို လက်ခံထားသည့် နိုင်ငံများအား ပိုမိုထောက်ပံ့ပေးခြင်း၊ ဒေသခံလူမှုအသိုင်းအဝိုင်းများကို ကူညီပေးခြင်း၊ သတင်းအမှားများကို တိုက်ဖျက်ခြင်း၊ ဒေသတွင်း တာဝန်ခွဲဝေမှုကို မြှင့်တင်ခြင်းနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေရှည်အကာအကွယ်ပေးနိုင်မည့် မူဝါဒများကို ပိုမိုအာရုံစိုက်သင့်ကြောင်း သုံးသပ်အကြံပြုမှုများရှိနေသည်။




