25.1 C
Yangon

ဖားကန့်၊ ပုလောနှင့် မင်းတပ်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသသင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ဖဝါမှော်ဘက်နှင့် ကံဆီးဘက်ကို စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“လေယာဉ် ၂ စီးနဲ့ လာကျဲတာ တစ်စီးက ဖဝါမှော်ဘက် အဲ့ဗုံးက မအောင်ဘူး ကျဲတာ မကွဲတာ ကံဆီးဘက် ကျဲတာကတော့ ကွဲတယ်။ လူအထိအခိုက်မရှိဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တပိုကျေးရွာနှင့် မင်းပြင်ကျေးရွာအတွင်းကိုလည်း စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ ဗုံးသီး ၈ လုံးဖြင့် တပိုကျေးရွာနှင့် မင်းပြင်ကျေးရွာအတွင်းကို ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းကိုလည်း စစ်တပ်က ယနေ့တစ်ရက်တည်းတွင် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ၈ မိနစ်နှင့် ၁၁ နာရီ ၁၂ မိနစ်ဝန်းကျင်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့နယ်အရှေ့ခြမ်း တစ်နေရာသို့ ၂ ကြိမ်တိုင်တိုင် ဗုံး ၄ လုံး ကျဲချခဲ့သည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီ ၈ မိနစ်နှင့် ၁၂ နာရီ ၂၂ မိနစ်ခန့်တွင်လည်း အဆိုပါ ဂျက်ဖိုက်တာဖြင့်ပင် မင်းတပ်အရှေ့ခြမ်းသို့ ၂ ကြိမ် ထပ်မံလာရောက်ကာ ဗုံး ၄ လုံး ထပ်မံကျဲချခဲ့သည်။

ယင်းအပြင် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ်အတွင်း တံတားဦးလေတပ်မှပင် တက်လာသည့် Y12 ဗုံးကျဲလေယာဉ်တစ်စီးသည် မင်းတပ်မြို့နယ်အရှေ့ခြမ်းရှိ နေရာများကို ၂ လုံးတွဲ၊ ၃ လုံးတွဲ၊ ၅ လုံးတွဲ ဗုံးများဖြင့် ၁၀ ကြိမ်ထက်မနည်း လှည့်ပတ်ကာ ဗုံးအလုံးရေ ၄၀ ကျော် ကျဲချ တိုက်ခိုက်သွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article