25.1 C
Yangon

ထိုင်းတွင် နိုင်ငံကူးလက်မှတ်အတုဖြင့် ခိုးဝင်လာသူများနှင့် တရားမဝင် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၉

ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှုများနှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ တင်းကျပ်လျက်ရှိရာ မဲဆောက်မြို့နှင့် ချွန်ပူရီမြို့တို့တွင် နိုင်ငံကူးလက်မှတ်ဖြင့် ခိုးဝင်ရန် ကြိုးပမ်းသူများနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မဲဆောက်မြို့၊ ဟွေဟင်ဖုန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မသင်္ကာဖွယ်ရှိသူများကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ် မရှိဘဲ အခြားသူများ၏ မြန်မာနိုင်ငံကူးလက်မှတ် ၄ အုပ်ကို အသုံးပြုကာ လူစားလဲစွဲချက်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ ၄ ဦးကို သူတစ်ပါး၏ နိုင်ငံကူးလက်မှတ်ကို မမှန်မကန် အသုံးပြုခြင်းကြောင့် ပြည်သူလူထုအား နစ်နာဆုံးရှုံးစေမှု၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှု စသည့် ပြစ်မှုကြီး ၂ ခုဖြင့် မဲဆောက်ရဲစခန်းတွင် အရေးယူထားပြီး ၎င်းတို့ကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

အလားတူ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း ချွန်ပူရီခရိုင် အလုပ်သမားရှာဖွေရေးရုံးနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ (ISOC) သည် ကော့ကျန်မြို့နယ်ရှိ အကြီးစား စက်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအာဏာပိုင်များ ဝင်ရောက်လာစဉ် တရုတ်အလုပ်သမားအချို့က လုပ်ငန်းသုံးကိရိယာများကို ပစ်ချကာ စက်ရုံနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အားလုံး လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်အတွင်း အသေးစိတ် စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ တရားမဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၁၅ ဦးကို စိစစ်တွေ့ရှိခဲ့သဖြင့် ကော့ကျန်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများ၏ တိုင်ကြားချက်အရ ဖနတ်နီခွမ်မြို့နယ်နှင့် ကော့ကျန်မြို့နယ်အတွင်းရှိ အလုပ်ရုံ ၃ ခုသို့ ဆက်လက်စစ်ဆေးခဲ့ရာ အလုပ်သမား ၄၉၀ ကျော်အနက် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် တရားမဝင် အလုပ်သမားများအပြင် ၎င်းတို့ကို ဥပဒေမဲ့ ငှားရမ်းထားသည့် အလုပ်ရှင် ၃ ဦးကိုလည်း ထိုင်းအာဏာပိုင်များက ရဲစခန်း၌ တရားစွဲဆိုထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article