25.9 C
Yangon

မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များနှင့်နယ်စပ်ကုန်သွယ်ရေးများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ မဟာဗျူဟာလမ်းများနှင့်နယ်စပ်မြို့များ ပြန်ရရှိရေး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင် အမိန့်ပေးပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနှစ်နိုင်ငံအစိုးရများအချင်းချင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ မဟာဗျူဟာအရ အရေးပါသည့် လမ်းကြောင်းများနှင့် နယ်စပ်မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြရန် အကြမ်း ဖက် မင်းအောင်လှိုင်က အမိန့်ပေးညွှန်ကြားလာသည်။

ယမန်နေ့ ဇူလိုင် ၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံ ကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အိမ်နီးချင်းငါးနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်ရေးလမ်းကြောင်းများသည် နယ်စပ်ဒေသ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်ရေးအတွက် အရေးပါကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံ ကိန်းများကို ယခင်အစိုးရများလက်ထက်က စတင်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် နယ်စပ်ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းများကို လက်ရှိကာလအတွင်း အမြန်ဆုံးပြီးစီးစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြဝတီလမ်းကြောင်းကိုလည်း နိုင်ငံတော်အစီအစဉ်များအပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပူးပေါင်းကူညီမှုဖြင့် အကောင်အထည်ဖော်ခဲ့ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းတွင်လည်း ပြည်ထောင်စုရန်ပုံငွေအပြင် ADB နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့၏ အကူအညီများ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများနှင့် ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မုံရွာ-ယာကြီး-ကလေး-တမူးလမ်းကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ဆက်စပ်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း သူက ဆိုသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသည် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်ရသည့်ကိစ္စဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ကြောင်း၊ နယ်စပ်ဂိတ်များနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာနှစ်နိုင်ငံအစိုးရများသာ အဓိကတာဝန်ယူ စီမံခန့်ခွဲရမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း မင်းအောင်လှိုင်ကဆိုသည်။

ပဲခူး-ဘားအံ-ကော့ကရိတ်-မြဝတီ-ထိုင်းနယ်စပ် အမြန်လမ်းမကြီးကိုလည်း လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် သူက အမိန့်ပေးသည်။

ထို့အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း (BRI) ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံ (CMEC) နှင့် ဆက်စပ်သော မဟာဗျူဟာမြောက် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်နေသဖြင့် အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အဆိုပါ စီမံကိန်းများတွင် ပါဝင်သည့် မဟာဗျူဟာအရ အရေးပါသော လမ်းမကြီးများကို လက်ရှိအစိုးရတာဝန်ယူထားသည့် ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အလေးထားဆောင်ရွက်ကြရန်လည်း မင်းအောင်လှိုင်က အမိန့်ပေး လာသည်။

လက်ရှိ အိန္ဒိယ-မြန်မာနယ်စပ်မြို့များနှင့် လမ်းကြောင်းများကို ချင်းတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကလည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့များနှင့် လမ်းကြောင်းများကို ကရင်လက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကလည်းကောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့များနှင့် လမ်းကြောင်းများကို MNDAA ၊ KIA ၊ TNLA ၊ UWSA အပါအဝင် တိုင်းရင်းသားတော် လှန်ရေးတပ်များကလည်းကောင်း၊ အသီးသီးထိန်းချုပ်သိမ်းပိုက်ထားကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article