ရန်ကုန်၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) သို့ သွားရောက်သည့် စစ်ကောင်စီယာဉ်တန်းကို လမ်းကြောင်းလုံခြုံရေးယူပေးခဲ့သည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ နမခသို့ သွားမည့် စစ်ကောင်စီယာဉ်တန်းအတွက် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်နှင့် ကုန်းရွာကျေးရွာကြားရှိ မန်ကျီးပင်ကွေ့အနီး၌ စစ်သားများက လမ်းဘေးတွင် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို လာရောက်ခေါ်ဆောင်သည့် အိမ်စီးကား ၂ စီးကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က မန်ကျီးပင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးခန့် သေဆုံးခဲ့ပြီး စစ်သားများကို သယ်ဆောင်လာသည့် အဖြူရောင်နှင့် အမည်းရောင် အိမ်စီးကား ၂ စီးစလုံး မိုင်းထိမှန်ခဲ့ကာ အမည်းရောင်ကားမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။
“သံပြားကာကား၊ ကြေးနီကားနဲ့ အက်စစ်ကားတွေ သွားတာ။ သံပြားကာကားက အဲဒီကားတွေကို လုံခြုံရေးယူပေးတာ။ လမ်းဘေးမှာ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူပေးနေတဲ့သူတွေကို မိုင်းပွိုင့်ကြီး ၂ ပွိုင့်နဲ့ ခွဲတာ။ စစ်သားသေဆုံးစာရင်းကတော့ ခန့်မှန်းခြေ ၅ ကောင်လောက် သေဆုံးနိုင်တယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန် ညောင်ဦးလေဆိပ်မှ တက်လာသည့် Mi-35 စစ်ရဟတ်ယာဉ် ၁ စီးနှင့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ လွှတ်တင်သည့် အသေခံဒရုန်း ၅ စီးဖြင့် ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာနှင့် ငါးယှန်ကျေးရွာကြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် နေအိမ်ပျက်စီးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း၊ ဒေသခံများမှာ ဗုံးခိုကျင်းများအတွင်း တိမ်းရှောင်နေရဆဲဖြစ်သဖြင့် မြေပြင်အခြေအနေကို စုံစမ်းရန် အခက်အခဲရှိနေကြောင်း သိရသည်။
“ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဗုံးခိုကျင်းထဲကနေ ဘယ်သူမှ မထွက်ရဲကြသေးလို့ပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုး ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ ဗုံးသီးအရေအတွက် ဘယ်လောက်ကျလဲဆိုတာလည်း မသိရသေးဘူး” ဟု မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့နေ့လယ်ပိုင်းတွင်ပင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စီးက ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ကားတချို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




