ရန်ကုန်၊ ဇူလိုင် ၁၀
စစ်တပ်က Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအနက် သတင်းပို့အသနားခံလာသူများကို Blacklist (အမည်မည်းစာရင်း) မှ ပယ်ဖျက်ပေးသွားမည်ဖြစ်သော်လည်း ပြည်ပထွက်ခွာခွင့်ကို လူ့စွမ်းအားအရင်းအမြစ် မဆုံးရှုံးစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဆက်လက်ကန့်သတ်ထားမည်ဖြစ်ကြောင်း စစ်တပ်က ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများတွင် အကြောင်းအမျိုးမျိုးကြောင့် CDM (Disloyal Civil Servant – DCS) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နိုင်ငံတာဝန် ပြန်လည်ထမ်းဆောင်ခြင်းမရှိသော်လည်း သက်ဆိုင်ရာဌာနများသို့ သတင်းပို့ဆက်သွယ်လာသည့် ဝန်ထမ်းများကို ပြည်တွင်း၌ တည်ဆဲဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့်နှင့် နိုင်ငံသားအခွင့်အရေးများကို ခံစားနိုင်ရန် အသနားခံလျှောက်ထားလာပါက Blacklist စာရင်းမှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သို့သော် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ပြည်ပထွက်ခွာခွင့်ကို ဆက် လက်ကန့်သတ်ထားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာရန် လိုအပ်ပါက CDM ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် ဝန်ကြီးဌာနများမှတစ်ဆင့် အမျိုးသားလုံခြုံရေးအဖွဲ့ထံ တင်ပြကာ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းညွှန်ကြားချက်ကို Blacklist စာရင်းမှ ပယ်ဖျက်ခွင့်ရရှိသူများအား တစ်ဦးချင်း အသိပေးဆောင် ရွက်ရန်လည်း သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက Blacklist စာရင်းတွင် ပါဝင်နေသူအများစုမှာ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်မရှိဘဲ တာဝန်ပျက်ကွက်ပြီး ဌာနကင်းကွာသွားသူများဖြစ် ကြောင်း၊ Blacklist စာရင်းတွင် ပါဝင်နေသူများအနေဖြင့် စာရင်းမှ ဖြေလျှော့ပေးရန် သက်ဆိုင်ရာဌာနများသို့ အသနားခံ လျှောက်ထားနိုင်ကြောင်း၊ ပြည်ပတွင် ရောက်ရှိနေသူများသည်လည်း သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ရှိ စစ်တပ်က ၂၀၂၄ ခုနှစ်အတွင်း Blacklist စာရင်းတွင် ပါဝင်သူ ၇,၀၀၀ ကျော်ကို စိစစ်ပြီး စာရင်းမှ ဖြေလျှော့ပေးခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက ထုတ်ဖော် ပြောဆိုထားသည်။






