ရန်ကုန်၊ ဇူလိုင် ၁၀
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စည်ပိုင်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဖြန့်ဝေရေးတာဝန်ခံက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်ကျော်တွင် တောင်ငူလေတပ်စခန်းမှ တက်လာသော ဂျက်တိုက်လေယာဉ် ၁ စီးက စည်ပိုင်းကျေးရွာအတွင်းကို ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို လေကြောင်းတိုက်ခိုက်မှုကြောင့် စည်ပိုင်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ကိုနိုင်လင်း၏ နေအိမ်ပေါ်သို့ ဗုံးတည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းမှာ ဗုံးစထိမှန်ကာ ဦးခေါင်းပြတ်ထွက်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် ၎င်း၏နေအိမ် ၁ လုံးလည်း ပြာကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
“စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဗုံးက သေဆုံးသူရဲ့ အိမ်ပေါ်တည့်တည့်ကျတာဆိုတော့ နေအိမ် ၁ လုံး စုတ်ပြတ်သတ်ပြီး ပျက်စီးသွားပါတယ်။ တောင်ငူလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး ကြဲသွားတာဖြစ်ပြီး အသက် ၄၀ အရွယ် ကိုနိုင်လင်းမှာ ဦးခေါင်းပါ ပြတ်ထွက်သွားခဲ့ပါတယ်” ဟု ပြောဆိုသည်။
ယခုကဲ့သို့ စစ်တပ်က အရပ်သားပစ်မှတ်များကို ရက်ရက်စက်စက် ဦးတည်တိုက်ခိုက်နေသောကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြရန် ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။
အလားတူ ရေတာရှည်မြို့နယ်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေတာရှည်မြို့နယ်၊ နဂျပ်အနောက်ရွာအတွင်းသို့ Y-12 လေယာဉ်တစ်စီးဖြင့် ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၇၅ နှစ်အရွယ် ဦးမောင်ပုမှာ ဝမ်းဗိုက်ပွင့်ထွက်သည့် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ကိုချစ်ဖွယ်မှာ ဝမ်းဗိုက်အတွင်းသို့ ဗုံးစဖောက်ဝင်သွားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကာ ဦးအေးကြိုင်မှာ လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။




