ရန်ကုန်၊ ဇူလိုင် ၁၁
အကြမ်းဖက် မင်းအောင်လှိုင်ကို ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးဟု မြှောက်ပင့်ခဲ့သော ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် သီတင်းတစ်ပတ်ကျော်ကြာမြင့်လာသည်အထိ တရားခံမဖမ်းနိုင်၍ CID မှုခင်းရဲ၊ ထွေ/အုပ်နှင့်စစ်တပ်တို့ပါဝင်သော ဌာနပေါင်းစုံ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေရကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ အပါအဝင် စစ်တပ်နှင့်ကြံ့ဖွတ်ပါတီ၏ ကိုးကွယ်ရာ ဗေဒင်ယတြာအခါတော်ပေး ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသသည် ရဟန်းဝတ်စဉ် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွင်း ဇူလိုင်လ ၂ ရက်နေ့ အသတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“အမှုက သဲလွန်စ ယူတာ၊ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်တာက တိုးတက်မှု တချို့ရှိပေမယ့် တရားခံကတော့ ဖော်ထုတ်မရသေးဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး လုပ်ကြံခံရတာမျိုးတော့ မဟုတ်ပါဘူး။ စနစ်တကျ ကြိုတင် ကြံစည်အသတ်ခံရတာမျိုးဖြစ်ပါတယ်။ ဆရာတော်က တပ်ရော အရပ်ဘက်ရော ကိုးကွယ်တာဖြစ်တော့ အခု ဌာနပေါင်းစုံပါတဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားတယ်။ အဲဒီမှာ CID ၊ ထွေ/အုပ်နဲ့ တပ်မတော်ထောက်လှမ်းရေးတွေပါပါတယ်။ ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
ဒေါက်တာဖေဉာဏ်သည် လက်ရှိအချိန်အထိ စစ်ဘက်၊ အရပ်ဘက် နှင့် ကြံ့ဖွတ်ပါတီမှ ခင်ရီ အပါ အဝင် ခေါင်းဆောင်ပိုင်းအတွက် ယတြာ၊ ဗေဒင်များကို စစ်အာဏာသိမ်းကာလမှစတင်၍ ယနေ့ အချိန်အထိ စီမံပေးနေဆဲဖြစ်ကြောင်း၊ စစ်တပ်၊ရဲနှင့်ဝန်ကြီးဌာနများ၏ ဘာသာရေးအခမ်းအနားများသို့ ဖိတ်ကြားခံနေရဆဲဖြစ်ကြောင်း၊ စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများအတွက် ကပ်ကျော်၊ ဘေးကျော် ၄၅ ပေရှိ ထိုင်တော်မူဘုရားကြီးတစ်ဆူ သွန်းလုပ်နေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးနှင့် အနွယ်တော်ဖြစ်ကြောင်း၊ ဘုန်းတန်ခိုးကြီးသူဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ချီးကျူးမှုများကိုလည်း ဒေါက်တာ ဖေဉာဏ်က မကြာခဏ ပြုလုပ်ခဲ့ဖူးသည်။
ဒေါက်တာဖေဉာဏ်သည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းဝင်းတွင် နေထိုင်စဉ် အသက် ၇၅ နှစ်၊ ဘုန်းကြီး ဝါ ၁၅ ဝါတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဖေဉာဏ်သည် သန်းရွှေ ဦးဆောင်သော နအဖခေတ်တစ်လျှောက်လုံး ဗေဒင်ယတြာအခါတော်ပေးနှင့် နက္ခတ်ပညာရှင်တစ်ဦးအဖြစ် ထမ်းဆောင်းခဲ့ပြီး သမ္မတဟောင်း သိန်းစိန်အတွက် ဗေဒင်တွက်ချက်ခြင်း၊ ယတြာနှင့် အခါတော်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။
သူသည် တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ရတစ်ဦးလည်းဖြစ်သော်လည်း ဆေးမကုတော့ဘဲ ဗေဒင်၊ ယတြာ နက္ခတ်လိုင်းသို့ ကူးပြောင်းကာ နောက်ပိုင်းတွင် ရဟန်းဝတ်ဖြင့် မှော်ဘီ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းကို ထူထောင်ခဲ့သည်။






