ရန်ကုန်၊ ဇူလိုင် ၁၁
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး ပြည်သူများကို PDF ဟု စွပ်စွဲသတ်ဖြတ်နေသော စစ်တပ် သတင်းပေး အေးမင်းလတ်ကို အရှင်မိသော်လည်း ထွက်ပြေးရန် ပြုလုပ်စဉ် ပစ်ခတ်ဖမ်းဆီး၍ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ခမောက်ကြီးမြို့ (i-2) ဇုန်တွင် နေထိုင်သော ရဲထွက် အေးမင်းလတ် ကို တော်လှန်ရေးတပ်က အရှင်ဖမ်းဆီးနိုင်ခဲ့သော်လည်း လမ်းတနေရာတွင် ထွက်ပြေးရန် ကြိုးပမ်းသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဦးအေးမင်းလတ်သည် ပြည်သူများကို PDF ဟု စွပ်စွဲကာ စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခိုင်းခြင်းများအပြင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခြင်းများ ကျူးလွန်ထားသူဖြစ်ကြောင်း သိရှိရသည်။
“အဲ့ကောင်က ရဲထွက် စစ်ခွေးသတင်းပေးနောက်ပြီး လမ်းပြလည်းလုပ်တယ်။ သူညွန်ပေးလို့ ပြည်သူတွေလည်း သတ်ခံရပြီးပြီ။ အခုလည်း အသက်မပြည့်တဲ့ မိန်းကလေးငယ်ကို အဓမ္မ မုဒိမ်းကျင့်တာတွေ ကျူးလွန်ထားတဲ့ကောင်ပါ” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်တပ်နှင့် ၎င်းတို့၏ ကြားခံအပေါင်းအပါများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသပြည်သူများအနေဖြင့် စစ်သားများ၊ စစ်တပ် သတင်းပေးများနှင့် အပေါင်းအပါများ၏ အနီးအနားတွင် သွားလာနေထိုင်ခြင်းမပြုရန်နှင့် စစ်ရေးသတိ အမြဲရှိကြရန် အသိပေးနှိုးဆော်ထားသည်။




