ရန်ကုန်၊ ဇူလိုင် ၁၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ်သားသစ်များသည် ကျေးရွာအတွင်း ကြက်သွားခိုးမည်ဟု အကြောင်းပြကာ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် လက်ခတ်တောင် စစ်တပ်စခန်းမှ စစ်သားများနှင့် စစ်မှုထမ်းတပ်သားသစ်များသည် စမ်းလှန်းကျေးရွာအတွင်းသို့ ကြက်သွားခိုးမည်ဟု အကြောင်းပြကာ ဆင်းလာပြီးနောက် စစ်မှုထမ်းတပ်သားသစ် ၄ ဦး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထွက်ပြေးသွားသည့် စစ်မှုထမ်းတပ်သားသစ် ၄ ဦးအနက် ၁ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် လောင်းလုံးမြို့ပေါ်သို့ ကားဖြင့် ပို့ဆောင်လိုက်ကြောင်း၊ ကျန်ရှိနေသည့် တပ်သားသစ် ၃ ဦးကိုမူ စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ဒေသစစ်ရေးသတင်းရင်းမြစ်က “၈ ရက်နေ့က လက်ခတ်တောင်စခန်းကလူတွေ စမ်းလှန်းရွာထဲကို ဆင်းလာပြီး ကြက်လာခိုးတယ်။ အဲဒီမှာ စစ်မှုထမ်းတပ်သားသစ် ၄ ယောက် ထွက်ပြေးတယ်။ ထွက်ပြေးလို့ လိုက်ပစ်တာ ၁ ယောက် ထိပြီး ကျန်ခဲ့တယ်။ သေလားရှင်လားတော့ မသိဘူး။ လောင်းလုံးရဲစခန်းကို ကားနဲ့ တင်ပေးလိုက်တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ လွတ်နေသေးတယ်လို့ ကြားရတယ်” ဟု ပြောသည်။
ထို့ပြင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ကြယ်တောင်အနီး၌ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားခဲ့သဖြင့် အထိနာသွားသည့် စစ်ကောင်စီတပ်က လေးသွန်းခံကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်




