24.8 C
Yangon

ရန်ကုန်မြို့တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပြန်လွှတ်ပေးရန် ငွေကျပ် သိန်းဆယ်ချီ တောင်းခံ၊ မန္တလေးမှ ရန်ကုန်သို့လာစဉ် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ပျောက်ဆုံးသွားသည့် လူငယ်တစ်ဦး ရွှေပြည်သာ စုဆောင်းရေးတပ်သို့ ရောက်ရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းအလယ်ရပ်ကွက်နှင့် အောင်မင်္ဂလာအဝေးပြေးဝင်း အပါအဝင် နေရာများတွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးရန် ငွေကျပ် သိန်းဆယ်ချီ တောင်းခံမှုများရှိနေကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ နိဗ္ဗာန်လမ်းတွင် အရပ်ဝတ်အဖွဲ့တစ်ဖွဲ့က လွန်ခဲ့သည့် ၄ ရက်ခန့်မှစတင်၍ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ လူငယ်များကို စောင့်ကြည့်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါအဖွဲ့သည် လူငယ်များကို လိုက်လံစောင့်ကြည့်ပြီး အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးကာ နောက်ပိုင်းတွင် ကားဖြင့် လာရောက်တင်ဆောင်ခေါ်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

“နိဗ္ဗာန်လမ်းမှာ ပေါ်တာဆွဲပြီး ငွေညှစ်နေတဲ့အဖွဲ့ ရှိနေတာ ၄ ရက်လောက်ရှိပြီ။ ဆိုင်ကယ်နဲ့ပတ်ပြီး လူငယ်တွေကို လိုက်ချောင်းတယ်။ အရပ်ဝတ်တွေနဲ့ အတင်းဝင်ဖမ်းပြီး ကားနဲ့လာတင်ခေါ်သွားတာတွေ လုပ်နေတယ်။ ကျနော်တို့ လုံခြုံမှုမရှိတော့ဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့ရှိ စမ်ချောင်းမြို့နယ်၊ ကျွန်းအလယ်ရပ်ကွက်တွင်လည်း လူငယ်များကို စစ်မှုထမ်းရန် ရွေးချယ်ခေါ်ယူပြီး စစ်မှုထမ်းစာရင်းမှ လွတ်မြောက်လိုပါက ငွေကျပ် သိန်း ၈၀ အထိ တောင်းခံမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

စမ်းချောင်းမြို့နယ်တွင် မိသားစုတစ်စုမှ လူငယ်တစ်ဦးကို စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရွေးချယ်ပြီး ငွေကျပ် သိန်း ၈၀ တောင်းခံခဲ့သော်လည်း နောက်ဆုံးတွင် ငွေကျပ် သိန်း ၅၀ ဖြင့် ညှိနှိုင်းပေးဆောင်ခဲ့ရကြောင်း၊ လက်ရှိတွင် ငွေကြေးတတ်နိုင်သည့် မိသားစုများမှ လူငယ်များကိုပါ စစ်မှုထမ်းရန် ရွေးချယ်ခေါ်ယူမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်း၊ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ဇေကမ္ဘာဝင်းဘက်မှ လမ်း လျှောက်ပြန်လာသော ၁၀ တန်းကျောင်းသား လူငယ် ၂ ဦးကို တက္ကစီကားတစ်စီးဖြင့် အရပ်ဝတ်လူတချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ လူငယ်များမှာ မင်္ဂလာဒုံမြို့နယ်အတွင်း ကျောင်းတက်နေကြသည့်ကျောင်းသား ၂ ဦးဖြစ်ပြီး မိဘများက လူပျောက်ကြေညာများ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင်လည်း နယ်မှ ရန်ကုန်သို့ တက်လာသည့် လူငယ်တချို့ ပျောက်ဆုံးမှုများရှိနေပြီး နောက်ပိုင်းတွင် စစ်မှုထမ်းစုဆောင်းရေးတပ်များ၌ ရောက်ရှိနေကြောင်း မိသားစုဝင်များက စုံစမ်းသိရှိရသည့် ဖြစ်စဉ်များ ရှိနေသည်။

မန္တလေးမှ ရန်ကုန်သို့ လာရောက်သည့် အသက် ၂၈ နှစ်အရွယ် မောင်ကျော်ကျော်ဦးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာလာခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးဝင်း၌ ကားပေါ်မှ ဆင်းပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

မိသားစုဝင်များက လိုက်လံစုံစမ်းခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့တွင် မောင်ကျော်ကျော်ဦးမှာ ရွှေပြည်သာမြို့နယ်ရှိ စစ်မှုထမ်းစုဆောင်းရေးတပ်သို့ ရောက်ရှိနေကြောင်း သိရှိခဲ့ရသည်။

ရန်ကုန်မြို့အတွင်း လူငယ်များကို အရပ်ဝတ်များဖြင့် စောင့်ကြည့်ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို ကားဖြင့် တင်ဆောင်ခေါ်ယူခြင်းနှင့် စစ်မှုထမ်းစာရင်းမှ လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်းဆယ်ချီ တောင်းခံခြင်းများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လူငယ်များအနေဖြင့် သွားလာရာတွင် အထူးသတိထားကြရန် ဒေသခံပြည်သူများက သတိပေးထားသည်။

ဓာတ်ပုံ- ညပိုင်း ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်ရဲတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article