24.8 C
Yangon

ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်ကောင်စီစစ်ကြောင်းများ အထိနာနေပြီး ထပ်မံအင်အားဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်ကောင်စီစစ်ကြောင်းများ အထိနာနေသဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပေါက်မြို့နယ်အနောက်ခြမ်း၊ ပုံတောင်ခြေရင်းရှိ ကျောက်တံခါးကျေးရွာမှ ဒရုန်းများ တင်ဆောင်ထားသော စစ်ကား ၁ စီးသည် ပုံတောင်နတ်ထိပ်သို့ တက်သွားခဲ့ကြောင်း၊ ယင်းနောက် ကျောက်တံခါးကျေးရွာ၌ ယာယီအထိုင်ချထားသော စစ်ကောင်စီစခန်းမှ စစ်သား ၇၀ ခန့်လည်း ထပ်မံတက်သွားကြောင်း သိရသည်။

ပုံတောင်နတ်ထိပ်တွင် ယမန်နေ့က တက်ရောက်လာသော စစ်သား ၈၅ ဦး ရောက်ရှိနေပြီး ယနေ့ နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော စစ်အင်အားများနှင့် ပေါင်းပါက စစ်သားအင်အား စုစုပေါင်း ၁၅၅ ဦးခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပေါက်မြို့နယ်၊ ပလောင်းကျေးရွာမှ အတင်းအဓမ္မ ခေါ်ဆောင်လာသော ပြည်သူပိုင် နွားလှည်း ၄ စီးနှင့်အတူ စစ်သားအင်အားအချို့သည် ယနေ့ နံနက်ပိုင်းတွင် အနောက်ဘက်ရှိ ကျောက်မဲတောင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

ပေါက်မြို့နယ်ရှိ ကပစ ၂၄ မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းများသည် ယောဒေသ၊ ပုံတောင်နတ်ထိပ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ကျောက်တံခါး၊ ကျောက်မဲတောင်၊ ဆယ်မိုင်နှင့် ပလောင်းကျေးရွာများ အပါအဝင် လမ်းပိုင်းတစ်လျှောက်တွင် တပ်ဖြန့်နေရာယူထားကြောင်း သိရှိရသည်။

“ပုံတောင်နတ်ထိပ်နဲ့ ပေါက်နယ် ပလောင်းရွာအထိ လမ်းပိုင်းတစ်လျှောက်မှာ စစ်အုပ်စုတပ်သားတွေ ဖြန့်ကျက်နေရာယူထားသေးတယ်။ ကပစ ၂၄ ကနေ စစ်ကားအချို့နဲ့ စစ်အင်အားတွေကို ကျောက်ထုဘက် နောက်ထပ် အင်အားတိုးပို့ဖို့လည်း ဖြစ်နိုင်တယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပုံတောင်နတ်ထိပ်တွင် ရောက်ရှိနေသော ရှေ့ပြေးစစ်ကြောင်းသည် ဆောမြို့နယ်၊ တပြင်းကျေးရွာဘက်သို့ ဦးတည်ဆင်းလာခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ စစ်အင်အားများကို ယောဒေသမှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ ထပ်မံဖြည့်တင်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ စစ်အင်အားများသည် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ပွင့်ဖြူမြို့မှတစ်ဆင့် စလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် စလင်း-ကျွန်းတော-လောင်းရှည်လမ်းပိုင်းအတိုင်း ချီတက်ကာ လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်အင်အားများသည် ကပစ ၂၅ မှတစ်ဆင့် ဆောမြို့အထိ ချီတက်ပြီး ကန်ပက်လက်မြို့နယ်ဘက်သို့ စစ်အင်အား ထပ်မံဖြည့်တင်းရန် စီစဉ်နေကြောင်း သိရှိရသည်။

“ချင်းတောင်မှာ စစ်ကောင်စီတပ်တွေ အထိနာနေတယ်။ အထိနာနေလို့ ပြန်ပြန်လန်ကျနေတာ။ အဲဒါကို အင်အားဖြည့်ပြီး ထပ်ထိုးဖို့ အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်နေတာဖြစ်ပါတယ်။ ယောနဲ့ ချင်းအတွက် နောက်ထပ် စစ်အင်အား ၃၀၀၀ ဖြည့်မယ်လို့ သတင်းရထားတယ်။ ယောနဲ့ ချင်းတောင်ဒေသက ပြည်သူတွေအနေနဲ့ စစ်ရေးအမြဲသတိရှိကြဖို့ လိုအပ်ပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

စစ်ကောင်စီတပ်က စစ်အင်အားများ ဆက်လက်ဖြည့်တင်းနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် ဝေးဝေးရှောင်တိမ်းနေထိုင်ကြရန်၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အတွက်လည်း ကြိုတင်ပြင်ဆင်ကာကွယ်ထားကြရန် ယောအလင်းတန်းက သတိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article