24.8 C
Yangon

မတ္တရာရှိ စစ်တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ၊ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးစားနေဟု အသိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒေါင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်အတွက် အချက်အခြာကျသည့် နေရာများဖြစ်သော အင်အား ၁၈ ဦးဖြင့် တပ်စွဲထားသည့် သဲအင်းရွာစခန်းနှင့် အင်အား ၂၅ ဦးဖြင့် တပ်စွဲထားသည့် ရှင်လှတောင်ရွာစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သဲအင်းရွာစခန်းမှ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ကျန်စစ်သားများမှာ အလဲလဲအကွဲကွဲဖြင့် ကျွန်းကြီးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသည့် လက်နက်တစ်လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရှင်လှတောင်ရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး ၆ ဦးမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သား ၆ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ဘန်ကာအတွင်း စစ်သား ၂ ဦးတည်း ကျန်ရှိနေချိန် စစ်ကူအင်အားများ ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သဲအင်းက စခတွေက ၁၈ ဦးရှိတယ်ဗျ။ သူတို့ ကျွန်းကြီးဘက်ကို ဆုတ်သွားတယ်။ အသေ ၄ ယောက်ရတယ်။ လက်နက် ၁ လက် ရရှိပါတယ်။ မတ္တရာမြို့နယ်၊ ရှင်လှရွာမှာ စခန်းသိမ်းတာကတော့ စခတွေ တော်တော်သေတယ်။ ၂၅ ဦးရှိတာ။ ၆ ဦးက ထွက်ပြေးသွားတယ်။ ၆ ဦးက ပြင်းထန်ဒဏ်ရာရတယ်။ ၁၁ ယောက် သေတယ်။ ၂ ယောက်ကတော့ ဘန်ကာထဲမှာပါ။ အဲဒီဘန်ကာထဲက နှစ်ယောက်ပဲ ကျန်တာကိုမှ တစ်ယောက်က ခြေထောက်နဲ့ မေးရိုးလည်း ဖြတ်မှန်ထားတာ ရှိပါတယ်။ နောက်ထပ် စခတွေဘက်က တပ်ကူတွေ အမြန်ရောက်လာတာနဲ့ လက်နက်ခဲယမ်းနဲ့ စခအလောင်းတော့ မရလိုက်ဘူး။ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု မတ္တရာမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒေါင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်း၊ မန္တလေးခရိုင် ပကဖ နှင့် NMD တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းစခန်း ၂ ခုကို တစ်ပြိုင်နက် တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီ၏ လော်ဘီများနှင့် စစ်ကောင်စီတပ်သားများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး အင်အားတိုးခြင်း၊ ဂိတ်ချခြင်းများကိုလည်း ပြာပြာသလဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မတ္တရာက ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို အားတင်းထားပါ။ ကျနော်တို့အဖွဲ့တွေ မကြာခင် မတ္တရာကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်သူတွေထဲကနေ စခတွေဘက်ကို ထောက်တိုင်ပြုလုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ စကစ သတင်းပေးတာတွေလည်း ရပ်တန်းက ရပ်ပေးကြပါ၊ ရှေ့ဆက်လုပ်မယ်ဆိုရင်တော့ သူတို့အသက်တွေကို အာမမခံနိုင်ပါဘူးလို့ ပြောချင်ပါတယ်။” ဟု မတ္တရာမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒေါင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article