ရန်ကုန်၊ ဇူလိုင် ၁၂
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ နိုင်ငံခြားသားများ အဓိက စုဝေးရာ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားအလုံးအရင်းဖြင့် အော်ပရာစီ (Operasi) စစ်ဆင်ရေး ပြုလုပ်ကာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မလေးရှားသတင်းများအရ သိရသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကလန်မြို့ရှိ နိုင်ငံခြားသားများ အဓိက စုဝေးရာ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်၌ မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (JIM) က ဦးဆောင်၍ ပူထရာဂျာယာ လဝက၊ ဆလန်ဂေါ လဝက၊ ကုမ္ပဏီနှင့် ဆိုင်ခန်းလိုင်စင်စစ်ဆေးရေးအဖွဲ့ (SSM) နှင့် ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာအဖွဲ့ (KPDN) တို့ ပူးပေါင်းကာ အရာရှိအင်အား ၂၅၀ ခန့်ဖြင့် ပိတ်ဆို့ပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အာဏာပိုင်ပူးပေါင်းအဖွဲ့များသည် နိုင်ငံခြားသားများ အများဆုံး နေထိုင်လုပ်ကိုင်ရာ ကလန်ဘတ်စ်ကားဂိတ် အနီးတစ်ဝိုက်ရှိ ဆိုင်ခန်းများ၊ ဈေးဆိုင်များအပြင် အလုပ်သမားအဆောင်များကိုပါ တစ်ပြိုင်နက်တည်း ပိတ်ဆို့စီးနင်းခဲ့ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံသား စုစုပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ စီးနင်းမှု စတင်ချိန်တွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားအချို့သည် အနီးနားရှိ အဆောက်အအုံများနှင့် ဆိုင်ခန်းကြားများသို့ ထွက်ပြေးပုန်းခိုရန် ကြိုးပမ်းခဲ့ကြသော်လည်း အာဏာပိုင်များက ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ကြိုတင်ပိတ်ဆို့ထားသဖြင့် အားလုံးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ခွင့်ပြုချက်သက်တမ်းကျော်လွန် နေထိုင်မှု၊ တရားဝင်ဗီဇာ သို့မဟုတ် ပါမစ်တစ်စုံတစ်ရာ မရှိဘဲ နေထိုင်မှုတို့ဖြင့် ဆလန်ဂေါလူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အော်ပရာစီ စီမံချက်စစ်ဆင်ရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ စုစုပေါင်းအရေအတွက်နှင့် စစ်ဆင်ရေးအသေးစိတ် အခြေအနေများကို မနက်ဖြန် ဇူလိုင်လ ၁၃ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒါတို ဇာကာရီယာ ရှာဘန် (Datuk Zakaria Shaaban) ကိုယ်တိုင် ပူထရာဂျာယာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မလေးရှားသတင်းများအရ သိရသည်။






