25.2 C
Yangon

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို နေပြည်တော်က သီးသန့်ချုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ တိုင်းပြည်၏ နေရာအများအပြားတွင် သက်ဆိုင်ရာပြည်သူများက ဆောင်ရွက်နေကြပြီဟု SCEFက ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ယနေ့ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို နေပြည်တော်ကသာ သီးသန့်ထိန်းချုပ်နိုင်သည့် အခြေအနေ မရှိတော့ဘဲ နိုင်ငံအနှံ့အပြားရှိ ဒေသများတွင် သက်ဆိုင်ရာ ပြည်သူများကို ကိုယ်စားပြုသည့် ဒေသအာဏာပိုင်များက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ထုတ်ပြန်ကြေညာသည်။

ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ထိုင်းနိုင်ငံ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်ဖြင့် ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းဖြစ်ပြီး၊ SCEF အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီဘက်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

SCEF က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် နေပြည်တော်က နိုင်ငံတစ်ဝန်းကို ထိန်းချုပ်အုပ်ချုပ်နေသည့် အခြေအနေမဟုတ်တော့ဘဲ ပြည်နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးယန္တရားများက နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်နေပြီး ဒေသခံပြည်သူများ၏ နိုင်ငံရေးဆန္ဒကို ကိုယ်စားပြုနေကြောင်း ဖော်ပြထားသည်။

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် အခြေခံအားဖြင့် ပြောင်းလဲသွားပြီဖြစ်သဖြင့် ယုံကြည်စိတ်ချရသော မည်သည့်ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံ ရေးအင်အားစုများနှင့် ဒေသအာဏာပိုင်များကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း SCEF က ဆိုသည်။

ယခင်နိုင်ငံရေးယူဆချက်များအပေါ် အခြေခံထားသည့် လုပ်ငန်းစဉ်များသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်သလို၊ နိုင်ငံရေးအခြေအနေ မပြည့်စုံသေးမီ အလျင်စလို ပုံမှန်အခြေအနေသို့ ပြန်ရောက်စေရန် ကြိုးပမ်းခြင်းသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းလည်း ထောက်ပြထားသည်။

SCEF က အာဆီယံ၏ “မြေပြင်တွင် မြင်သာထင်ရှားသော လက်တွေ့တိုးတက်မှု မရှိသေး” ဆိုသည့် သုံးသပ်ချက်ကို သတိပြုမိကြောင်း၊ လက်ရှိအချိန်သည် တရားဝင်နိုင်ငံရေးဆွေးနွေးမှုများ စတင်နိုင်သည့် အဆင့်မဟုတ်သေးဘဲ နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ဦးစားပေးဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အင်အားစုများအကြား ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်၊ အခြေခံမူ၊ ဖွဲ့စည်းပုံနှင့် အကောင်အထည်ဖော်မည့် အဆင့်များအပေါ် ဘုံနားလည်မှုကို ဦးစွာတည်ဆောက်ရန် လိုအပ်ကြောင်း၊ SCEF အတွင်း၌လည်း မဏ္ဍိုင်သုံးရပ်အကြား ထပ်မံဆွေးနွေးညှိနှိုင်းပြီး စုပေါင်းနိုင်ငံရေးမူဘောင်တစ်ရပ် ချမှတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

SCEF က ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့် လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များသည် ကူညီပံ့ပိုးပေးနိုင်သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု၏ ဦးတည်ချက်၊ ဖွဲ့စည်းပုံနှင့် နိုင်ငံရေးရလဒ်များကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း အလေးပေးဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အာဆီယံနှင့် နိုင်ငံတကာမိတ်ဖက်များ၏ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးအခြေအနေ မပြည့်စုံမီ ပြင်ပမှ လုပ်ငန်းစဉ်ကို အလျင်အမြန် တွန်းအားပေးခြင်း သို့မဟုတ် ရလဒ်များကို ကြိုတင်သတ်မှတ်ခြင်း မပြုလုပ်သင့်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံသားများပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားများ ဦးဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ရမည်ဟု SCEF က ဆိုသည်။

SCEF သည် နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိစေရန် ကတိကဝတ်ပြုထားသော်လည်း ဆွေးနွေးညှိနှိုင်းမှုသည် ရည်မှန်းချက်မဟုတ်ဘဲ နည်းလမ်းသာဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်မှာ စစ်တပ်၏ နိုင်ငံရေးအာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီပါဝင်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုအပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယခုတွေ့ဆုံဆွေးနွေးမှုများသည် SCEF နှင့် စစ်အုပ်စုကိုယ်စားလှယ်များအကြား တွေ့ဆုံမှုမဟုတ်ဘဲ SCEF နှင့် အာဆီယံတို့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ယင်းတွေ့ဆုံမှုများကို စစ်အုပ်စုနှင့် တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှု စတင်ခြင်းအဖြစ် အဓိပ္ပာယ်မကောက်ယူသင့်ကြောင်း အသိပေးထားသည်။

ဆွေးနွေးပွဲတွင် SCEF ကိုယ်စားလှယ်များက အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ကြေညာ ချက်အဖြစ်သာ မထားဘဲ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် နိုင်ငံရေးအကျဉ်း သားများကို ချက်ချင်းလွှတ်ပေးခြင်း၊ အရပ်သားပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ လွတ်လပ်စွာရောက်ရှိစေခြင်းနှင့် အကြမ်းဖက်မှုများ လျှော့ချနိုင်မည့် လက်တွေ့ကျသော ယန္တရားများကို အမြန်ဆုံးဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SCEF က အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် စစ်အုပ်စုဘက်မှ ယနေ့အထိ နိုင်ငံရေးဆန္ဒကို လက်တွေ့လုပ်ဆောင်ချက်များဖြင့် မပြသနိုင်သေးကြောင်း၊ နိုင်ငံရေးဆန္ဒကို သက်သေပြရမည့် တာဝန်မှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များတွင်သာ ရှိပြီး ယင်းတာဝန်ကို တော်လှန်ရေးအင်အားစုများထံ လွှဲပြောင်း၍ မရကြောင်းလည်း ထောက်ပြထားသည်။

ယုံကြည်မှုတည်ဆောက်ရေးအတွက် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ ရပ်စဲရန်၊ နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လွတ်လပ်စွာပေးပို့ခွင့်ပြုရန် လိုအပ်ကြောင်း SCEF က တောင်းဆိုထားသည်။

အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည့်အချိန်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးမှုတစ်ရပ် ဖြစ်လာနိုင်မည်မဟုတ်ကြောင်းလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ပြောကြားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article