25.2 C
Yangon

ရက္ခိုင့်တပ်တော် (AA) က မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာပြီး ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားနိုင်ကာ ဒေသတွင်း ပထဝီနိုင်ငံရေး သြဇာကြီးထွားလာဟု အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ရက္ခိုင့်တပ်တော် (AA) မှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်လာပြီး ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားသည့်အပြင် ဒေသတွင်း ပထဝီနိုင်ငံရေးတွင်လည်း အရေးပါသော သြဇာလွှမ်းမိုးမှု ရရှိလာကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော မူဝါဒသုတေသနအဖွဲ့ (Think Tank) ဖြစ်သည့် The Jamestown Foundation က သုံးသပ်ဖော်ပြထားသည်။

Jamestown Foundation ၏ “Arakan Army Becomes Most Effective Insurgent Force in Myanmar” ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ဝေသော လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် AA သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် “စစ်ဆင်ရေး ၁၀၂၇” နောက် ပိုင်း မြန်မာနိုင်ငံ၏ စစ်ရေးဟန်ချက်ကို အခြေခံကျကျ ပြောင်းလဲစေခဲ့ပြီး ယခုအခါ တော်လှန်ရေးအင်အားစုများအနက် အင်အားအကြီးဆုံးအဖွဲ့အဖြစ် ကြီးထွားလာကြောင်း ဖော်ပြထားသည်။

AA သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် United League of Arakan (ULA) ကို ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။

AA တွင် ပုံမှန်တပ်ဖွဲ့ဝင် အင်အား ၄၀,၀၀၀ ခန့်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံးသော အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်လာသည်ဟု ဆိုသည်။

AA အောင်မြင်ရသည့် အဓိကအကြောင်းရင်းများအဖြစ် စစ်ရေးအောင်မြင်မှု၊ ထိရောက်သော အုပ် ချုပ်ရေးယန္တရား၊ ကျယ်ပြန့်သည့် မဟာမိတ်ကွန်ရက်၊ မီဒီယာအသုံးချနိုင်မှုနှင့် ခေါင်းဆောင်ပိုင်း၏ မဟာဗျူဟာကျသော ဦးဆောင်မှုတို့ကို ထောက်ပြထားသည်။

စစ်ရေးပိုင်းတွင် AA သည် ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနယ်စပ်ရှိ ပလက်ဝမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သို့ စစ်ဆင်ရေးများ တိုးချဲ့ဆောင်ရွက်လာကြောင်း သိရှိရသည်။

ယင်းနယ်မြေချဲ့ထွင်မှုများ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွက် လုံခြုံရေးကြားခံနယ်မြေ (Buffer Zone) တစ်ခု ဖန်တီးရန်နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တည်ရှိရာဒေသများသို့ ရောက်ရှိနိုင်ရန်ဖြစ်ကြောင်း သုံးသပ်ထားသည်။

AA သည် စစ်ရေးအောင်မြင်မှုအပြင် အုပ်ချုပ်ရေးစနစ်ကိုလည်း တစ်ပြိုင်နက် တည်ဆောက်နိုင်ခဲ့ကြောင်း၊ AA သည် တရားရုံးများ၊ ဥပဒေစိုးမိုးရေးအဖွဲ့များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ထူထောင်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ ထောက်ခံမှုကို ပိုမိုရရှိလာခဲ့ကြောင်း ဆိုသည်။

ထို့ပြင် မောင်တောမြို့ရှိ ဂျာမေဗလီကို ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားများ ကျင်းပခွင့်ပြုခြင်းနှင့် မွတ်စလင်အသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံမှုများ ဆောင် ရွက်ခြင်းတို့မှတစ်ဆင့် လူနည်းစုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းနေကြောင်း သိရှိရသည်။

AA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သဖြင့် စစ်ရေးအတွေ့အကြုံ၊ လက်နက်ခဲယမ်းနှင့် စစ် ဆင်ရေးကျွမ်းကျင်မှုများ ရရှိခဲ့ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း AA သည် နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအဖွဲ့အစည်း အနည်းဆုံး ၂၃ ဖွဲ့ကို စစ်ရေးလေ့ကျင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကိုလည်း အမျိုးမျိုးသော ပုံစံများဖြင့် ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရသည်။

မီဒီယာကဏ္ဍတွင်လည်း AA သည် ရခိုင်နှင့် မြန်မာဘာသာ သတင်းမီဒီယာများအပြင် လူမှုကွန်ရက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့သဖြင့် ၎င်း၏ စစ်ရေးနှင့် နိုင်ငံရေးအောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ခဲ့ပြီး ပြည်သူလူထုအတွင်း ယုံကြည်မှုနှင့် ထောက်ခံမှုများ တိုးလာစေခဲ့ကြောင်း Jamestown Foundation က သုံးသပ်ထားသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုပုံစံသည် လူငယ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ရခိုင်အမျိုးသားရေး အတွေးအခေါ်နှင့် “Arakan Dream”၊ “Way of Rakhita” ဟုခေါ်သော မူဝါဒများကို ချမှတ်ကာ လူငယ်များကို စည်းရုံးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း ရဲတပ်ဖွဲ့၊ အရန်တပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့များတွင် ကျယ်ကျယ်ပြန့်ပြန့် တာဝန်ပေးထားကြောင်း ဆိုသည်။

Jamestown Foundation က AA ၏ ပထဝီနိုင်ငံရေး အားသာချက်များကိုလည်း ထည့်သွင်းသုံးသပ်ထားပြီး ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်း ၁၁ ခုအနက် အနည်းဆုံး ၁၀ ခုမှာ AA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေပြီး အိန္ဒိယနိုင်ငံ၏ Kaladan Multi-Modal Transit Transport Project ၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပလက်ဝမြို့နယ်ကိုလည်း AA က ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်နှင့် အိန္ဒိယတို့၏ အခြေခံအဆောက်အအုံ စီမံကိန်းများ လုံခြုံစွာ အကောင် အထည် ဖော်နိုင်ရေးသည် AA ၏ သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာ မူတည်လာကြောင်း သုံးသပ်ထားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်ကို လက်ခံထားရပြီး ယခုအခါ AA သည် ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်နယ်စပ်ချင်း ထိစပ်နေသဖြင့် ရိုဟင်ဂျာဒုက္ခသည်အရေး၊ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အရေးပါသည့် အခန်းကဏ္ဍ ရှိလာကြောင်း Jamestown Foundation က ဆိုသည်။

Jamestown Foundation က AA သည် ဖွဲ့စည်းတည်ထောင်ပြီး ၁၇ နှစ်အတွင်း ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပင် မရရှိနိုင်သေးသည့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအောင်မြင်မှုများကို ရရှိလာခဲ့ကြောင်း၊ စစ်ရေးတိုက်ပွဲများသာမက ရေရှည်တည်တံ့နိုင်သော အုပ်ချုပ်ရေးယန္တရားကိုပါ တည်ဆောက်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံရှိ အခြားတော်လှန်ရေးအင်အားစုများအတွက် စံပြပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာကြောင်း သုံးသပ်ပြော ဆိုသည်။

Jamestown Foundation သည် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အမေရိကန်အခြေစိုက် လုံခြုံရေး၊ စစ်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သုတေသနအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတကာလုံခြုံရေး၊ အကြမ်းဖက်မှု၊ တရုတ်၊ ရုရှားနှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ သုံးသပ်ချက်များကို ပုံမှန်ထုတ်ဝေလျက်ရှိသည်။

Jamestown Foundation ၏ သုတေသနစာတမ်းများနှင့် လေ့လာဆန်းစစ်ချက်များကို အမေရိကန်အစိုးရ၏ မူဝါဒချမှတ်သူများ၊ စစ်ဘက်နှင့် လုံခြုံရေးအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များနှင့် နိုင်ငံတကာမီဒီယာများက ကိုးကားအသုံးပြုလေ့ရှိပြီး နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာလေ့လာမှုနယ်ပယ်တွင် ဩဇာကြီးသည့် သုတေသနအဖွဲ့များအနက် တစ်ဖွဲ့အဖြစ် သတ်မှတ်ခံထားရသည်။

အထူးသဖြင့် ရုရှား၊ တရုတ်နှင့် အာဏာရှင်နိုင်ငံများ၏ နိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေ အနေများကို မူရင်းဘာသာစကားအရင်းအမြစ်များအပေါ် အခြေခံ၍ လေ့လာဆန်းစစ်ထုတ်ဝေလေ့ရှိခြင်းကြောင့် ယင်းအဖွဲ့၏ သုံးသပ်ချက်များသည် နိုင်ငံတကာ မူဝါဒနှင့် လုံခြုံရေးအသိုင်းအဝိုင်းတွင် အလေးထားခံရလေ့ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article