25.2 C
Yangon

ဖာပွန်နှင့် မြိုင်-ပေါက်အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုကမှု စာသင်ကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ထီးလောသီထာကျေးရွာနှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်-ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Karen Peace Support Network ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၆ ရက်နေ့ စစ်ကောင်စီ၏ တိုက် လေယာဉ် ၁ စီးက ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်၊ ထီးလောသီထာကျေးရွာကို ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများ၏ လူနေအိမ် ၁၃ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း Karen Peace Support Network က ပြောဆိုထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသတစ်ခုကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် တံတားဦးလေတပ်မှ ပျံတက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးက မြိုင်-ပေါက်နယ်စပ်ရှိ ရေနံမှော်ဒေသကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုးကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကြောင်းလည်းမရှိဘူး၊ တိုက်ပွဲလည်းမရှိပါဘူး။ ဗုံးသီး ၂ လုံးလောက် ကျဲခဲ့တာလို့ သိရပါတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု သို့မဟုတ် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မုံရွာ) မှ ပျံတက်လာသည့် Gyrocopter ၃ စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလော စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများကိုပါ လေကြောင်းမှ မကြာခဏ ဗုံးကျဲတိုက်ခိုက်လျက်ရှိပြီး အရပ်သားများ၏ နေအိမ်များ၊ စာသင်ကျောင်းများနှင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article